မြင်းခြံထောင်တွင်း အကျဉ်းသားတွေ ဆန္ဒပြ

ဖြူဖြူခိုင်
2019.12.30
myingyan-prison-622.jpg မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင် အဝင်ဂိတ်ကို တွေ့ရစဉ်
Photo: မင်းစစ်နိုင် ကိုကိုနိုင်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံအကျဉ်းထောင်က အကျဉ်းသား ၃၀ ကျော်ဟာ ဒီကနေ့ မနက် ၉ နာရီခွဲခန့်ကနေ ၁၁ နာရီခွဲခန့်ထိ ထောင်တွင်းဆန္ဒပြခဲ့ကြပါတယ်။

မြင်းခြံထောင်က အကျဉ်းသားတွေဟာ အိပ်ဆောင်တံခါး သံဆူးကြိုးတပ်တာနဲ့ ထောင်ဝင်စာထုတ် ကန့်သတ် တင်းကြပ်တာ အပါအဝင် အချက် (၁၁) ချက်ကို တောင်းဆို ဆန္ဒပြတာဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က အကျဉ်းသားတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

အိပ်ဆောင်တံခါးတွေကို သံဆူးကြိုးခတ်တာတို့ မလွယ်ပေါက်ပုံစံမျိုးလုပ်တဲ့ ကိစ္စကတော့ တခြားထောင်တွေမှာလည်း ဒါမျိုး မရှိခဲ့ပါဘူး

“လုံခြုံရေးကြောင့် တချို့ကိစ္စမျိုးတွေမှာ တင်းကြပ်တာတွေ ရှိကြပါတယ်။ သို့ပေမယ့်   ဒီနှစ်ကာလမှာ ဘယ်လောက်အထိ လုံခြုံရေးကို စိန်ခေါ်မှု ရှိနေလည်းဆိုတဲ့ ကိစ္စကတော့ သေချာမသိဘူး။ အခုလို အခြေအနေမျိုးမှာတော့ ဒီလောက် အထိ လုပ်ဖို့မလိုအပ်သေးဘူးလို့ ထင်ပါတယ်။ အိပ်ဆောင် တံခါးတွေကို သံဆူးကြိုးခတ်တာတို့ မလွယ်ပေါက် ပုံစံမျိုးလုပ်တဲ့ကိစ္စကတော့ တခြား ထောင်တွေမှာလည်း ဒါမျိုး မရှိခဲ့ပါဘူး။”

အကျဉ်းထောင်ထဲကနေ ဆန္ဒပြတောင်းဆိုသံတွေကို ရှင်းရှင်းလင်းလင်း မကြားရပေမယ့် အလိုမရှိဆိုတဲ့ အသံကိုတော့ ကြားခဲ့ရတယ်လို့ အကျဉ်းထောင် ရှေ့ကိုရောက်ခဲ့တဲ့  မြင်းခြံဒေသခံ ကိုဘိုဘိုက ပြောပါတယ်။

“အပြင်ကနေ အကျဉ်းသားတွေ ဆူနေတဲ့ဟာကို ကြားရတယ်။ အလိုမရှိတို့ ဘာတို့အော်သံတွေ၊ နည်းနည်းလှမ်းတော့ သဲသဲကွဲကွဲမကြားရဘူး။ အထဲမှာတော့ လုံခြုံရေးတွေလည်း ရှိတယ်။ ထောင်ရဲ့ ပရဝဏ်အပြင်ကနေပဲ ရပ်ကြည့်ရတာ။ သူတို့အထဲကအော်တဲ့ အလိုမရှိစကားတော့ ကွဲကွဲပြားပြား ကြားရတယ်။ လုံခြုံရေးက ရဲအင်အားနဲ့ ဝင်တာတော့ တွေ့ရတယ်။”

အကျဉ်းသားတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ထောင်ပိုင်နဲ့  ရဲတပ်ဖွဲ့ဝင် တွေပါဝင်ရောက် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဒီက‌‌‌‌‌နေ့ ညနေပိုင်းမှာ နှစ်ဘက် သဘောတူညီမှုတွေ ရခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က လုံခြုံရေးအရ အိပ်ဆောင် သံကြိုး တပ်တာကလွဲပြီး အကျဉ်းသားတွေ တောင်းဆိုတဲ့ ကျန်တဲ့အချက်တွေကို လိုက်လျောပေးခဲ့တယ်လို့ ပြောပါတယ်။

“လုံခြုံရေးအရ တံခါးကို နှစ်ပေလောက်ရှိတဲ့ သံကြိုးနဲ့ချိတ်တာ၊ အဲတစ်ချက်ကတော့ အကျဉ်းလက်စွဲ အထဲမှာလဲ အဲလို လုပ်ရမယ်ဆိုပြီးပါတယ်။ အကျဉ်းသားတွေကို အသိပညာ မပေးဘဲနဲ့ သွားလုပ်တော့ နားလည်မှုတွေ လွဲကုန်တာ။ အဲတစ်ချက်က ထောင်လက်စွဲနဲ့ ရှင်းပြလိုက်တော့ သူတို့လက်ခံတယ်။ အရင်ထောင်ပိုင် အဆက်ဆက်က မလုပ်ခဲ့ဘူး။ လက်ရှိထောင်ပိုင်က ထလုပ်လိုက်တာ”

နေ့ဘက်မှာ အိပ်ဆောင်တံခါးတွေကို အပြည့်ဖွင့်ထားပေးပြီး ညအချိန်မှာ လုံခြုံရေး လိုအပ်ချက်အရ လူတစ်ယောက်ထွက်စာ သံကြိုးခတ်တာကို မကျေနပ်လို့ ဆန္ဒပြတာလို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးမင်းထွန်းစိုးက RFA ကို ပြောပါတယ်။

“အထဲမှာ ညကျရင် အရေးပေါ်လူနာတို့ ဆေးရုံထုတ်ဖို့ရှိတယ်ဆိုရင်  လူတစ်ယောက်စာ ထွက်နိုင်အောင် ကျွန်တော်တို့က ဆောင်ရွက်တာ။ တကယ်လို့ ဒီအတိုင်း တံခါးကိုဖွင့်လိုက်ရင် လူအများကြီး ထွက်သွားနိုင်တယ်။ လူအများကြီး ထွက်သွားနိုင်တယ်ဆိုရင် လုံခြုံရေးကျိုးပေါက်မှုကို ဖြစ်စေနိုင်တယ်။ လူအဲလိုထွက်သွားရင် ထောင်ပိုင်ကအရေးယူခံရတယ်။ ဒါကြောင့် ထောင်ပိုင်က လုံခြုံရေး လိုအပ်ချက်အရ အကျဉ်းထောင်ဥပဒေတွင် ပါရှိချက်အရ လူတစ်ယောက်စာ ထွက်လို့ရအောင်ပဲ လုပ်တာ”

အကျဉ်းထောင်အတွင်း ကျန်းမာရေး၊ စားသောက်နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိရင် ထောင်ပိုင်တွေနဲ့  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် စတဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးချိန်မှာ တိုင်ကြားလို့ရပြီး အခုလို ထောင်တွင်းဆန္ဒပြတာဟာ အကျဉ်းထောင်ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။

အကျဉ်းသားတွေ ဆန္ဒပြတောင်းဆိုတာကြောင့် သံကြိုးကို ဖြုတ်ပေးသွားမှာ မဟုတ်ဘဲ ဆက်တပ်သွားမှာဖြစ်ပြီး ဆူပူမှုလုပ်သူတွေကို စီစစ်ပြီး အကျဉ်းထောင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။