မြင်းခြံထောင်ပိုင်ကို အလို မရှိကြောင်း အကျဉ်းသားတွေ ဆန္ဒပြ
2016.10.11
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ အကျဉ်းသားတွေက ထောင်ပိုင်ကို အလိုမရှိကြောင်း ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။
ထောင်ပိုင်ကို အလိုမရှိကြောင်း အော်ဟစ်သံတွေကို အကျဉ်းထောင်အပြင်ဘက်က ကြားနေရတယ်လို့ အကျဉ်းထောင်ရှေ့ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဟန် က ပြောပါတယ်။
"မနက် ၈နာရီလောက်ထဲကဆန္ဒပြနေတာ အပြင်ကနေ ကြားနေရတာဗျ၊ သူတို့အစားအသောက် အနေအထိုင် ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အတွက် ဆန္ဒပြနေတာ၊ ကျွန်တော်တို့အပြင်ကကြားရတာ ကတော့ ထောင်ပိုင်အလိုမရှိဆိုတာကလွဲရင် ကျန်တာမကြားရဘူးဗျ"
လက်ရှိ မြင်းခြံထောင်ပိုင်ကို ရာထူးက ယာယီဖယ်ရှားထားပြီး စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ ဗဟိုအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။
မြင်းခြံအကျဉ်းထောင်ဟာ လူဦးရေ တစ်ထောင်သာထားနိုင်တဲ့ အခြေအနေဖြစ်ပေမယ့် အကျဉ်း သား နှစ်ထောင်ကျော် ရှိနေပြီး စားဝတ်နေရေးနဲ့ ဆေးဝါးကုသခွင့် အခက်အခဲဖြစ်နေတယ်လို့ ကိုမျိုးဟန် က ပြောပါတယ်။
ထောင်ပိုင် ဦးဇော်မင်းအောင် လက်ထက်မှာ အကျဉ်းဦးစီးဝင်းအတွင်း သီးနှံစိုက်ပျိုးခွင့် တားမြစ်လိုက်တာဟာ လည်း အကျဉ်းသားတွေအတွက် စားဝတ်နေရေး ပိုမိုကျပ်တည်းစေတဲ့အချက်ဖြစ်တယ်လို့ ကိုမျိုးဟန်က ပြော ပါတယ်။
အကျဉ်းသားတွေဆန္ဒပြတဲ့အတွက် ရဲလုံခြုံရေးတွေ၊ မြို့နယ်ထွေအုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ သွားရောက်ညှိနှိုင်းပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။