မြင်းခြံမှာ ကာကွယ်ရေးတပ်ဖွဲ့ အထိုင်ချထားတဲ့ရွာ တိုက်ခိုက်ခံရပြီး နေအိမ်တွေ မီးရှို့ခံရ
2024.05.15
မန္တလေးတိုင်း မြင်းခြံမြို့နယ် ရွာရှည်ရွာမှာ အထိုင်ချထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းတွေနဲ့ပါ ဗုံးသီးချတိုက်ခိုက်တာကြောင့် ဆုတ်ခွာပေးလိုက်ရတာလို့ မြင်းခြံမြို့နယ်အခြေစိုက် Black Tiger အဖွဲ့ တာဝန်ခံ ဆရာမိုးက RFA ကို ပြောပါတယ်။
“ပထမ တစ်ရက်မှာ သူတို့တက်မလာနိုင်အောင် သေချာကာပစ်နိုင်ခဲ့တယ်။ ဒုတိယနေ့မှာ သူတို့က ဒရုန်းသုံးလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ jummer မရှိဘူး ဆိုတဲ့အတွက် သူတို့က စိတ်ကြိုက်အပေါ်ကနေ သေချာစောင့်ကြည့်ပြီ ကျွန်တော်တို့အပေါ်ကို တည့်တည့်ပစ်ချတာပေါ့။ ဒရုန်းပါလာတော့ ရှေ့ရက်တွေမှာ သူတို့ကို ခံပြီးတိုက်နေတဲ့ ကင်းက ပေါက်သွားတာပေါ့"
လက်နက်ခဲယမ်း မလုံလောက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ jummer စက်တွေ မရှိတာကြောင့် တပ်ဆုတ်ပေးလိုက်ရတာဖြစ်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။
ရွာရှည်ရွာမှာ အိမ်ခြေသုံးရာခန့်ရှိပြီး တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ရွာခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့ပေမဲ့ ရွာကိုတော့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မေလ ၉ ရက်နေ့မှာ မြင်းခြံမြို့နယ် ဆုံရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရွာရှည်ရွာကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ နှစ်ရက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။