မြဝတီက နိုင်ငံခြားသားတွေ ထိုင်းကို လွှဲပြောင်းမယ်လို့ BGF ပြော

RFA Burmese
2025.01.29
မြဝတီက နိုင်ငံခြားသားတွေ ထိုင်းကို လွှဲပြောင်းမယ်လို့ BGF ပြော ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်နဲ့ မြဝတီမြို့အနီး အင်ကြင်းမြိုင် (KK Park) က နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရသူ ဗိုလ်မှူး နိုင်မောင်ဇော်က RFA ကို ဇန်နဝါရီလ ၂၉ ရက် ဒီနေ့မှာ ပြောပါတယ်။

သူတို့ကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးဖို့အတွက် စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်ဘက်က တာဝန်ရှိသူတွေကို တင်ပြထားပေမဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဇန်နဝါရီလ ၂၉ ရက်နေ့ ဒီနေ့ နေ့လယ် ၂ နာရီအထိ မလွှဲပြောင်းရသေးဘူးလို့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

“မလွှဲရသေးဘူး။ ဒီဘက်ကို (စစ်ကောင်စီအာဏာပိုင်) ခွင့်ပြုချက်တင်ထားတာ ဘာမှ ပြန်မပြောသေးဘူးပေါ့နော်။ အစ်ကိုတို့ နိုင်ငံဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားတယ်။ ဒီဘက်က တာဝန်ရှိသူတွေက သူတို့ခွင့်ပြုမှ ရမယ်။ အစ်ကိုတို့က ပြန်လွှဲဖို့တော့ အဆင်သင့်ပဲ”

ထိုင်းအာဏာပိုင်တွေကို လွှဲပြောင်းပေးမဲ့ နိုင်ငံခြားသားအရေအတွက်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ သူက ပြောဆိုတာ မရှိပါဘူး။

ထိုင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Reporters ရဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ဖော်ပြချက်အရ ရွှေကုက္ကိုမြို့သစ်နဲ့ အင်ကြင်းမြိုင် (KK Park) က တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား တစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါးဦးနဲ့ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးကို BGF က ပြန်လွှဲပြောင်းဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

လွှဲပြောင်းပေးမဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်ဘက်က လူကုန်ကူးခံရသူ ဒါမှမဟုတ် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်မှု ရှိ၊ မ ရှိ စစ်ဆေးသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

BGF က လွှဲပြောင်းပေးမဲ့ တရုတ်နိုင်ငံသားတွေထဲမှာ တရုတ်အစိုးရအာဏာပိုင်တွေက အလိုရှိနေတဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေလည်း ပါဝင်နေတယ်လို့ The Reporters က ဖော်ပြပါတယ်။

ဒီလိုလွှဲပြောင်းပေးဖို့ရှိနေချိန်မှာပဲ ထိုင်းနိုင်ငံကိုရောက်နေတဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi ဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဘက်ကနေ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေအခြေစိုက်ရာ မြဝတီဘက်အခြမ်းကို ကြည်ရှုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံခြားသားတွေကို BGF က ထိုင်းအာဏာပိုင်ထံ လွှဲပြောင်းမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေ ခွင့်ပြုချက်ရဖို့ စောင့်နေရတဲ့အပေါ် အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။