မြဝတီမှာ မီတာခ တက်လို့ ဆန္ဒပြ
2017.05.01

ကရင်ပြည်နယ် မြဝတီမြို့မှာ အိမ်သုံးလျှပ်စစ်မီတာတွေကို လုပ်ငန်းသုံးမီတာဈေးနဲ့ တိုးမြှင့်ကောက်ခံနေ တာကြောင့် မီတာခတွေလျှော့ချပေးဖို့ မြိုခံ ၂၀၀ကျော်က ဒီနေမနက်ပိုင်းက မြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အရင်တုန်းက အိမ်သုံးမီတာတွေကို လုပ်ငန်းအတွက် သုံးတယ်ဆိုပြီး လက်ရှိ ဓာတ်အားဖြန့်ဖြူးတဲ့ ရွှေသောင်ယံ ကုမ္ပဏီက မီတာခ တိုးမြှင့်ကောက်ခံတဲ့အတွက် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကို ဦးဆောင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင် က ပြောပါတယ်။
"ပထမတုန်းက ၄ ဘတ် ပြား ၃ဝ ကောက်ခဲ့တယ်၊ လျှပ်စစ်မီတာ မှန်သမျှကို ၄ ဘတ် ပြား ၂ဝ နဲ့ ကောက်ခံရေး ပါဝါမီတာကတော ၆ ဘတ်ကောက်တယ်၊ အဲဒါကို ၆ ဘတ်ပဲ နဂိုကအတိုင်းပဲ ကောက်ခံဖို့ ကျနော်တို့တောင်းဆို တာပါ"
ဆန္ဒပြသူတွေဟာ မြဝတီမြို့ မီးချောင်းကုန်းကျောင်းတိုက်ကနေ ရွှေမြင်ဝန်းဘုရား၊ ဘုရင်ေ့နာင် လမ်းကနေ မြစန္ဒီပန်းခြံအထိ လမ်းလျောက်ချီတက်ပြီး မီးမှန်မှန် ရရှိရေး၊ မီတာခ တစ်ယူနစ်ကို ဘတ် ၄၀ ပြား၂၀ဖြင့်ရရှိရေး စတာတွေကို ကြွေးကြော်ပြီး ဆန္ဒထုတ်ပြခဲ့ကြပါတယ်။
မြဝတီမြို့မှာ ကုမ္ပဏီတွေက ထိုင်းနိုင်ငံကနေ လျှပ်စစ်မီးကဝယ်ယူပြီး ဖြန့်ဖြူးရောင်းချပေးတာဖြစ်ပါတယ်။
အရင်က လျှပ်စစ်ဖြန့်ဖြူးခဲ့တဲ့ ကုမ္ပဏီက အိမ်သုံးလျှပ်စစ်မီး တစ်ယူနစ်ကို ၄ ဘတ် ပြား ၃၀၊ လုပ်ငန်းသုံး ပါဝါမီတာကို ၆ ဘတ်နှုန်းနဲ့ကောက်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂လလောက်ကစပြီး မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဝေတဲ့ ရွှေသောင်ယံကုမ္ပဏီက အိမ်သုံးတစ်ယူနစ် ၄ဘတ် ပြား၂၀၊ လုပ်ငန်းသုံးကို ၆ဘတ်နဲ့ ကောက်ခံဖို့သဘောတူပြီး စတင်လျှပ်စစ်ဖြန့်ဖြူးခဲ့ပါတယ်။
လက်ရှိမှာ အိမ်သုံးမီတာတွေကို လုပ်ငန်းသုံးမီတာခနှုန်းနဲ့ ကောက်ခံနေတာကြောင့်ဒေသခံတွေက ဆန္ဒပြခဲ့ကြပြီး အိမ်သုံးတစ်ယူနစ်ကို ၄ဘတ် ပြား၂၀နှုန်း၊ လုပ်ငန်းသုံးကို ၆ဘတ်နှုန်းနဲ့ မီတာခကောက်ခံပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။