မှော်ဘီ မြဝတီ အသံလွှင့်ဌာနရုံးကို တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်ပြောက်ကျားအဖွဲ့ ပြော
2024.11.21

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မြဝတီ အသံလွှင့်ဌာနကို နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှာ ၄၀ မမ ဗုံးသီးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Yangon Army က ပြောပါတယ်။
Yangon Army အဖွဲ့က စစ်ရေးပစ်မှတ်တွေကို တိုးမြှင့်တိုက်နေတာဖြစ်ပြီး ဒီတိုက်ခိုက်မှုရဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“M79 လက်နက်ကို သုံးပြီး ၄၀ မမ သုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အထဲမှာ နှစ်လုံးက မြဝတီ အသံလွှင့်ဌာနထဲကိုရောက်အောင် ပစ်ခတ်နိုင်ခဲ့ပေမဲ့ တစ်လုံးကတော့ ဂိတ်ဝမှာပဲ ကျသွားတယ်။ ထိခိုက်ပျက်စီးမှုကိုတော့ မြေပြင်က သတင်းအတိအကျရတဲ့အခါ ထုတ်ပြန်ပေးမှာပါ။ စစ်ကောင်စီကျဆုံးချိန်ထိ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာကြောင့် အရင်နှစ်ကထက် နှစ်ဆ ပိုပြီးတိုက်ခိုက်သွားမယ်လို့ပဲ ပြောချင်ပါတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မှော်ဘီမြို့ခံ ဒေသခံတစ်ဦးလည်း မနေ့က ညနေပိုင်းမှာ ပေါက်ကွဲသံတွေ ကြားလိုက်ရပြီး ဘယ်ပစ်မှတ်ကို ရည်ရွယ်တိုက်ခိုက်တယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မှော်ဘီမြို့နယ်က မြဝတီအသံလွှင့်ဌာနမှာ ၂၁ ရက်နေ့က ပေါက်ကွဲမှု တစ်စုံတစ်ရာ မရှိခဲ့သလို ဒါဟာ မဟုတ်မမှန် ဝါဒဖြန့်မှုသာဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။
စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) ကို ၁၉၉၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရေဒီယိုအသံ လွှင့်တာအပြင် လက်ရှိမှာ ဒီဂျစ်တယ် ရုပ်သံလိုင်းတွေကိုပါ ထုတ်လွှင့်နေတဲ့နေရာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းနဲ့ ခရေပင်လမ်းခွဲထောင့်မှာရှိတဲ့ မင်္ဂလာဒုံ မြို့မရဲစခန်းကိုလည်း နိုဝင်ဘာ ၂၀ ရက်နေ့ ညနေက ဝင်ရောက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Yangon Army အဖွဲ့ကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုပေါင်း တစ်နှစ်အတွင်း အကြိမ် နှစ်ဆယ်ခန့် လုပ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။