သင်္ဃန်းညီနောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လူနှစ်ဆယ်သေဆုံးကြောင်း KNU ပြော
2024.04.02

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၅၅) တပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ် နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဆယ် သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဧပြီလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၁၅ ရက်ကနေ ၂၅ ရက်အတွင်း နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်း ခမရ (၃၅၅) နဲ့ ရဲစခန်းကို မတ်လ ၉ ရက်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာပါ။ အဲဒီနောက် ခြေမြန်တပ်ရင်း ခမရ (၃၅၅) ကို ပြန်ရဖို့ စစ်ကောင်စီတပ်ရင်း ၉၇၊ ၁၀၂၊ ၁၁၈၊ ၅၃၆၊ ၃၅၆ စတဲ့ ပူးပေါင်းတပ်တွေက တစ်ကျော့ပြန် ထိုးစစ်ဆင်ခဲ့တာပါ။
အဲဒီနှစ်ဖက်တိုက်ပွဲတွေမှာ လက်နက်ခဲယမ်း အမြောက်အမြား ရခဲ့တယ်လို့ KNU က ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၆ နယ်မြေထဲမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ KNU ဘက်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြိုခံတစ်ဦးကတော့ သင်္ဃန်းညီနောင်ဘက်မှာ နေ့စဉ် နှစ်ဖက်တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ RFA ကိုပြောပါတယ်။
“နယ်မြေက မငြိမ်သေးဘူး၊ နေ့တိုင်းပဲ လက်နက်ကြီးနဲ့ ပစ်သံတွေ မြဝတီဘက်ကနေကြားနေရတာ။ ပြီးတော့အဲဒီဘက်မှာ ဒေသခံတွေလည်း ထွက်ပြေးကုန်ပြီ”
ဒေသအခြေစိုက် စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးသူတွေကတော့ အခုတစ်ပတ်အတွင်း သင်္ဃန်းညီနောင်ဘက်က စစ်ဘေးဒုက္ခသည် ၁၅၀၀ အထိတိုးလာပြီး အရင် သုံးထောင်ကျော်နဲ့ဆိုရင် ငါးထောင်နီးပါးအထိ ရှိလာပြီလို့ RFA ကိုပြောပါတယ်။