မြောင်းမြမှာ NLDကို ထောက် ခံကြောင်း သောင်းနဲ့ချီ အင်အားပြ ချီတက်


2015.10.07
myaungmya-support-nld-620.jpg NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြောင်း အောက်တိုဘာ ၇ ရက်နေ့က ဒေသခံတွေ မြောင်းမြမြို့နယ်မှာ စီတန်းလှည့်လည်နေစဉ်
Photo: Ko Bo Tun( Facebook )

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြောင်း သောင်း ဂဏန်းလောက်ရှိမယ့် ဒေသခံတွေက မြို့ထဲမှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာအောင်နိုင်ရေးကို ပါတီဝင်တွေ တင်မကဘဲ ဒေသခံတွေကပါ ပူးပေါင်းပါဝင်တယ်ဆိုတာကို ပြသဖို့အတွက် အခုလိုထောက်ခံပွဲ ကျင်းပတာဖြစ်တယ်လို့ မြောင်းမြမြို့ခံ ကိုဘိုထွန်း က ပြောပါတယ်။

"ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်နိုင်ရေးထောက်ခံတဲ့ပွဲပါ၊ ပါတီဝင်မဟုတ်တဲ့ ပြည်သူ တစ်ယောက်အနေနဲ့ ကျနော်ဦးဆောင်ပြီးလုပ်တာပါ၊ ကျနော်တို့လိုလားတဲ့ အစိုးရတစ်ရပ်ဖြစ်အောင်ပေါ့၊ ပြည် သူလူထုကို တစ်ကယ် ကြည့်ပေးမယ့် အစိုးရမျိုးကို ပြည်သူလည်းအသင့်ရှိရှိ ပါဝင်ပူးပေါင်းနိုင်လိမ့်မယ်ဆိုပြီး ကျနော်တို့က NLD အောင်နိုင်ရေးကိုထောက်ခံတဲ့ပွဲလေးလုပ်တာပါ"

လှည့်လည်ပွဲမှာ ပါဝင်သူတွေဟာ မြောင်းမြမြို့ ကြိုးတံတားအောက်ကနေ ၇ မိုင်လောက်အထိ ချီတက်လမ်းလျှောက် ခဲ့ကြတာဖြစ်ပါတယ်။

မြောင်းမြမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၂ သိန်း ၄သောင်းကျော်ရှိပြီး NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာစိုးမိုးသူ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမန်းထွန်းကြိုင်၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ဦးသန့်ဇော်ဝင်းနဲ့ ဒေါ်ခိုင်ဇင်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အဲဒီမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်ထောင် စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်း ဦးခင်ရီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ဦးဝင်းကိုကိုနဲ့ ဦးပြုံးချို တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။