မြောင်းမြမြို့နယ် ပျဉ်ရွာမှာ လေပြင်းတိုက်
2013.07.25
ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပျဉ်ရွာမှာ မေန့ညနေ ၆ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် တိုက်နယ်စာသင်ကျောင်းရဲ့ အမိုးတွေ ပျက်စီးသွားပြီး၊ ည ၁ဝ နာရီဝန်းကျင်မှာတော့ ရွာနဘေးက ရွေးမြစ်မှာ ကမ်းပါးပြိုကျခဲ့တယ်လို့ သိရပါတယ်။
လေပြင်းကြောင့် စာသင်ကျောင်းက သွပ်အချပ် ၈ဝ လောက် လန်ထွက်ပျက်စီးသွားတာကိုပြုပြင်ဖို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ရွာအကျိုးဆောင် ဦးခိုင်ရွှေက ပြောပါတယ်။
"ကျောင်းကမနေ့က လေပွေတိုက်လို့ သွပ်အချပ် ၈ဝ လောက်ပွင့်သွားတယ်၊ မြို့နယ်ထွေအုပ်တို့ ဌာနဆိုင်ရာပေါင်းစုံတော့ လာကြည့်တယ်လေ၊ ကျနော်တို့ ကျောင်းအကျိူးတော်ဆောင်နဲ့ ရပ်မိရပ်ဖဘက်ကတော့ ပြန်လည်ပြုပြင်တဲ့ လက်သမားခတို့ သစ်ဖိုးတို့လောက်ပဲ စိုက်ထုတ်ပြီးတော့ နှစ်ဘက်ပေါင်းလုပ်တယ်ပေါ့၊ ကမ်းပြိုတာကတော့ ၃၅ မိနစ်လောက်ကြာတယ်၊ ညက ၁ဝ နာရီဝန်းကျင်ပေါ့၊ အလျားကတော့ ၂၆၄၊ အနံ ၂ဝ ပဲ့ကျသွားတာပဲ၊ ကျေးရွာရယကရုံးကတော့ ခေါင်းရင်းခန်းလေး နည်းနည်းထိသွားတာပေါ့"
ပျဉ်ရွာတိုက်နယ်မှာ ကျေးရွာ ၁၄ ရွာရှိပြီး ရွာမှာရှိတဲ့ တိုက်နယ်စာသင်ကျောင်းမှာ မူလတန်းကနေ အထက်တန်းထိ ကျောင်းသား ၈ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။