မြောင်မှာ လက်နက်ကြီးကြောင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

RFA Burmese
2022.12.24
မြောင်မှာ လက်နက်ကြီးကြောင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ညောင်ကားယားရွာကို ဒီဇင်ဘာလ ၂၃ ရက် မနေ့က မြစ်အရှေ့ဘက်ခြမ်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကိုင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အသက် လေးနှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ လှမ်းပစ်တာဖြစ်ပြီး လက်နက်ကြီးကျည်ထိတဲ့ မြေးအဘွားနှစ်ဦးအနက် မြေးဖြစ်သူ သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ညောင်ကားယား ရွာလယ်က လက်ဖက်ရည်ဆိုင်ပေါ်ကို ကျတာ။ ရွာခံ ခုနစ်ယောက် ထိတယ်။ မြေအဘွားနှစ်ယောက်က အိမ်ထဲ ထိုင်နေတာကို ထိတာ။ အသက် လေးနှစ်တောင် မပြည့်သေးတဲ့ ကလေးကတော့ ဆေးခန်းပို့တာ လမ်းမှာပဲ ဆုံးတယ်။ အဘွားကိုတော့ ဆက်ကုသမှု ပေးနေတယ်။ လက်နက်ကြီးက သုံးချက်၊ ဒရုန်းနဲ့ ဗုံးတွေလည်း အပြုံလိုက်ချသွားတာ။ တိုက်ပွဲမရှိဘဲနဲ့ ဒီတိုင်းကို ပစ်ချ သွားတာ”

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကလည်း မြောင်မြို့နယ် ရွှေပေါက်ပင်ရွာက ဒေသခံငါးဦးတို့ ဟာ ဧရာဝတီမြစ်ကို စက်လှေနဲ့ ဖြတ်နေချိန် စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ကူးတို့ကုန်းရွာကို စစ်ကောင်စီတပ်သား ၆၀ နီးပါး ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၈၀ ကျော် ပျက်စီးခဲ့ပြီး ဒေသခံတစ်ထောင် နီးပါး ဘေးလွတ်ရာ ထွက်ပြေး နေရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေဖြစ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ ဆက်သွယ်မေးမြန်းဖို့သာ ပြန်လည် ဖြေဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ အရပ်သား တွေအပေါ် ထိခိုက်အောင်လုပ်တာမရှိဘူးလို့ အရင်က RFA ကို တုံ့ပြန်ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၁ ရက် ထုတ်ပြန်ချက် အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် ဒေသခံ ၅၄၅,၂၀၀ ဦး အိုးအိမ် စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။