မြောင်ပြည်သူ့တပ်မတော်ခေါင်းဆောင် ခေါင်းဖြတ်အသတ်ခံရ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.03.30
မြောင်ပြည်သူ့တပ်မတော်ခေါင်းဆောင် ခေါင်းဖြတ်အသတ်ခံရ Myaung Union Army ပြည်သူ့တပ်မတော်မြောင်၏ စစ်ကိုင်းခရိုင် တပ်ရင်း (၁) ဒုတပ်ရင်းမှူး ကိုဆင်ရိုင်း (ခေါ် ) ကိုဝေဖြိုးလျှံ ရုပ်အလောင်းကို ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့က သင်္ဂြုဟ်နေစဉ်။
Myaung Union Army

ကျည်ထိမှန်ပြီး ဒဏ်ရာရထားတဲ့ မြောင်ပြည်သူ့တပ်မတော် (Myaung Union Army) စစ်ကိုင်းခရိုင်တပ်ရင်း (၁) ဒုတပ်ရင်းမှူး ကိုဆင်ရိုင်း (ခေါ်) ကိုဝေဖြိုးလျှံကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ခေါင်းဖြတ်သတ်သွားတယ်လို့ ဒီအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။

မြောင်မြို့နယ် ဆွဲလွဲအိုကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်နေ့က ဝင်ရောက်ပစ်ခတ်တဲ့အခါ ဒေသခံတွေကို ဘေးလွတ်ရာကယ်ထုတ်ပြီး ရင်ဆိုင်ပစ်ခတ်ဖို့ ကြိုးစားချိန်မှာ ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

ကျည်ထိမှန်ပြီး မသေမရှင်ဖြစ်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါင်းဖြတ်သတ်ပြီး ဦးခေါင်းကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ကိုဆင်ရိုင်းရဲ့ရုပ်အလောင်းကို မတ်လ ၃၀ ရက်နေ့မှာ ဦးခေါင်းမပါဘဲ သင်္ဂြိုဟ်လိုက်ရတယ်လို့ ပြောပါတယ်။ မြောင်နယ် တစ်ဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးခေါင်းဖြတ် သတ်ဖြတ်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် ခြောက်ဦးလောက် ရှိနေပြီလို့လည်း ပြောပါတယ်။

မြောင်မြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အခုလို တိုက်ပွဲအတွင်း ရက်ရက်စက်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးချုပ်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် ပြည်သူ ၃,၂၀၀ နီးပါး သေဆုံးခဲ့ပြီလို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။