မြောင်မြို့နယ် ပန်းညိုရွာက နေအိမ် ၁၅၀ မီးရှို့ခံရ
2023.01.10

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပန်းညိုရွာကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ၉ ရက် မနေ့ညနေမှာ မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၅၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ပန်းညိုရွာကို ဇန်နဝါရီလ ၇ ရက်က စီးနင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစီးနင်းမှုမှာ အရပ်သားတွေ ထွက်ပြေးခဲ့ပေမယ့် ထွက်မပြေးနိုင်လို့ကျန်ခဲ့တဲ့ လေဖြတ် ဝေဒနာခံစားနေရသူ အသက် ၈၀ အရွယ် ဒေါ်တင်မိလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရွာကိုမီးရှို့တဲ့အချိန်မှာ နေရာလေးခုလောက်ကနေ မီးရှို့ခဲ့တာလို့ ပန်းညိုရွာ ဒေသခံတစ်ဦး က ပြောပါတယ်။
"ရွာကို သူတို့အဖွဲ့လေးဖွဲ့လောက် ခွဲပြီး မီးရှို့တာ။ အဝေးကနေ လှမ်းကြည့်တာ တစ်နေရာတည်းက မီးခိုးတက်လာတာ မဟုတ်ဘူး။ ငါးနေရာလောက်က မီးခိုးအူတက် လာတာ။ စစ်ကြောင်းက ညနေ ၅နာရီခွဲမှ ပြန်ထွက်သွားတယ်။ ကျမတို့ကတော့ မပြန်ရ သေးဘူး။ အမျိုးသားတွေကတော့ ရွာပြန် မီးငြှိမ်းတာ၊ ပျောက်တဲ့လူတွေ ရှာဖွေရေး လုပ်နေကြပါတယ်"
ပန်းညိုရွာမှာ နေအိမ် တစ်ထောင်နီးပါးရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတော့ စစ်ကောင်စီတပ်သားတွေကို ကြောက်ရွံ့တဲ့အတွက် ဒေသခံတွေဟာ နီးစပ်ရာ တောင်ယာတွေထဲမှာ ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။
ပန်းညိုရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးနောက် ဇန်နဝါရီလ ၉ ရက် မနေ့က မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF တပ်ဖွဲ့တာဝန်ရှိသူ ကိုနွေဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှု၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ငြင်းဆိုခဲ့ဖူးပါတယ်။
၂၀၂၁ ခုနှစ် မေလမှာလည်း ပန်းညိုရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဋိပက္ခအတွင်း မီးလောင်မှုဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီ့အပြင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေး နေရပါတယ်။