မြောက်ဦးက ကျောက်စာကို အမွေအနှစ်စာရင်းပါအောင် ကြိုးစားမည်
2017.01.27

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အေဒီ ၆ ရာစုဝန်းကျင်လောက်က စတင်ရေးထိုးခဲ့တဲ့ အာနန္ဒစန္ဒြမင်းကျောက် စာတိုင်ကို ကုလသမဂ္ဂယဉ်ကျေးမှု အမွေအနှစ် UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ရခိုင်ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေးကော်မတီ ကပြောပါတယ်။
မကြာမီရက်ပိုင်းအတွင်းမှာ ယူနက်စကိုအဖွဲ့တာဝန်ရှိသူတွေ မြောက်ဦးမြို့ကို လာရောက်လေ့လာမှာဖြစ်ပြီး အဲဒီကျောက်စာတိုင်ကိစ္စ ဆွေးနွေးမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ဒေါ်ခင်သန်း ကပြောပါတယ်။
"အာနန္ဒစန္ဒြမင်းကျောက်စာဟာ မြန်မာနိုင်ငံတင်မကဘူး အရှေ့တောင်အာရှမှာ ပထမဆုံး ရေးထား တဲ့ကျောက်စာလို့ ပြောလို့ရတဲ့ အနေအထားမျိုးရှိတယ်။ သူက ဘီစီ ၂ ရာစုကနေစပြီးတော့မှ ရခိုင်ရဲ့ cronicle (ရာဇဝင်မှတ်တမ်း) ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ သူ့ရဲ့ ရေးသားပုံ၊ တင်ပြပုံ နောက်တ ခါကျတော့ လက်ရေးလက်သားပညာကလည်းပဲ အရမ်းကိုရှေးကျတဲ့အတွက်ကြောင့်မို့လို့ သူ့ကို ယူနက် စကိုဝင်ဖို့အတွက် ကျမတို့ ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ကျမတို့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ပိုင်းမှ လုပ်ငန်းဆောင်ရွက်တာကတော့ အဆင့်ဆင့်ဆောင်ရွက်ရပါမယ်။ ဆောင်ရွက်ပုံအဆင်ဆင့်နဲ့ အသေးစိတ်ကိုတော့ သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ ကျမတို့ ပြောလို့ရပါမယ်"
မြောက်ဦးမြို့ကို ယူနက်စကိုစာရင်းဝင်အောင် ကြိုးပမ်းခဲ့ကြရာမှာ အခက်အခဲတွေရှိနေသေးတဲ့အတွက် အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ကို ယူနက်စကိုစာရင်းဝင်နိုင်အောင် အရင်ကြိုးပမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ် လို့ ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့က သျှစ်သောင်းပုထိုးနဲ့ ကိုးသောင်းပုထိုးတော်ကြီးတွေကိုပါ ယူနက်စကို စာရင်းဝင်အောင် တင်ပြဖို့စီစဉ်ခဲ့ကြပေမယ့် ရှေးဟောင်းလက်ရာတွေကို ဖျက်ဆီးတာခံလိုက်ရလို့ မတင်ပြနိုင်ဘဲ ထုက္ကန့်သိမ် ပုထိုးတော်ကိုပဲ ယူနက်စကိုအဖွဲ့ကို တင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အာနန္ဒစန္ဒြမင်းကျောက်စာတိုင်မှာ စာမျက်နှာပြင် ၄ ခုပါဝင်ပြီး စာမျက်နှာတစ်ခုနဲ့တစ်ခုကို နှစ်ပေါင်း ၂၀၀ လောက်စီခြားပြီးရေးထိုးခဲ့တာဖြစ်ပါတယ်။ အဲဒီကျောက်စာဟာ ရခိုင်မင်းဆက်တွေ အကြောင်းကို သက္ကဋဘာသာနဲ့ ရေးထိုးထားတာ ဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ရေးသားကြပါတယ်။