ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နယ်စပ်မှာ တစ်ပတ်အတွင်း မြန်မာလူငယ်သုံးရာကျော် အဖမ်းခံရ

RFA Burmese
2024.02.23
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နယ်စပ်မှာ တစ်ပတ်အတွင်း မြန်မာလူငယ်သုံးရာကျော် အဖမ်းခံရ ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ စွန်စမ်မရမ်မြို့တွင် ဖမ်းဆီးခံထားရသည့် မြန်မာများကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စားသောက်ကုန်များ သွားရောက် ကူညီပေးခဲ့စဉ်။
FED

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နယ်စပ်ဘက်မှာ အခုတစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်လာကြတဲ့ မြန်မာလူငယ် သုံးရာ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့သူတွေကို သွားရောက်တွေ့ဆုံကူညီပေးခဲ့တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ (K.T.G Helping Hands) က RFA ကို ဒီနေ့ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က ညနေပိုင်းမှာပဲ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှာ ချောင်းကနေ ကူးဖြတ်လာတဲ့ အသက် ၁၈ နှစ်နဲ့ သုံးဆယ်ကြားရှိတဲ့ မြန်မာလူငယ် ၂၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအထဲ အမျိုးသမီး ခုနစ်ဦး ပါဝင်ပြီး အမျိုးသား ၁၇ ဦး ဖြစ်ပါတယ်။

ဒီရက်ပိုင်း ထိုင်းဘက်ကို တရားမဝင်လမ်းကြောင်းက ဖြတ်ကျော်ဝင်ရောက်လာသူများနေသလို နေရာတိုင်း လိုလို မှာ ဖမ်းဆီးခံနေရတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ K.T.G Helping Hands မန်နေးဂျင်း ဒါရိုက်တာ ကိုသားကြီးက RFA ကို ပြောပါတယ်။

“ဖုတ်ဖရမြို့နယ်ဘက်ကဝင်တာရှိတယ်။ ဖုတ်ဖရဆိုရင် ကျွန်တော်တို့ လေးကေ့ကော်ပေါ့ မြန်မာနိုင်ငံဘက်ခြမ်း ဆိုရင်။ မဲဆောက်ဘက်က ဝင်တာရှိတယ်။ မြဝတီအောက်ဘက်အခြမ်းပေါ့ဗျာ။ အဲဘက်က ဝင်တာတွေရှိတယ်။ လွန်ခဲ့တဲ့တစ်ပတ်နဲ့ မနေ့ကစာရင်းအထိဆိုရင်တော့ လူသုံးရာထက်မနည်း အဖမ်းခံရပြီ။ သူတို့က ကယ်ရီတွေနဲ့ ပွဲစားတွေနဲ့ လာတယ်ဗျာ။ ပြီးရင် ဟိုနားမှာထားခဲ့၊ ဒီနားမှာပစ်ထားခဲ့၊ အခန်းတွေမှာ ပစ်ထားခဲ့နဲ့ တချို့ဆိုရင် လည်း ကားတွေနဲ့ပေါ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်ကားတွေနဲ့ တောင်ပေါ်ဒေသကနေ ဂိတ်တွေကို ဖြတ်တာပေါ့။ တချို့တွေလည်း အဲဒီဂိတ်တွေမှာ မိတာတွေရှိတယ်။ ဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် တစ်ပတ်အတွင်း ထောင်ဂဏန်းလောက် အဖမ်းခံနေရတယ်ဗျ”

နယ်စပ်တရားမဝင်လမ်းကြောင်းကနေ ဖြတ်ကျော်ဝင်လာတာကြောင့် ဖမ်းခံတဲ့ မြန်မာတွေကို ကူညီရေးအဖွဲ့ တွေက ရေသန့်နဲ့ ထမင်းဘူးလောက်သာ ကူညီနိုင်ပြီး ကျန်တာတွေကို ကူညီပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကြောင့် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စွန်စမ်မရမ်မြို့မှာလည်း ရှောင်တိမ်းလာကြတဲ့ အမျိုးသမီးအများစုအပါအဝင် မြန်မာနိုင်ငံသား လေးဆယ်ကျော် ဖမ်းဆီးခံထားရပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတော့ စားသောက်ကုန်တွေနဲ့ လူသုံးကုန်တွေ သွားရောက် ကူညီပေးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့က အသိပေးထားပါတယ်။

အကြာဆုံး ထိန်းသိမ်းခံထားရတဲ့သူတွေက လွန်ခဲ့တဲ့ ဆယ်ရက်က ဖမ်းဆီးခံရသူတွေဖြစ်ပြီး အဲဒီအထဲ အသက် သုံးနှစ်နဲ့ ၁၁ နှစ်အရွယ်ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းခံရသူတွေ လူဦးရေများလာတာကြောင့် ထိုင်းရဲအရာရှိတွေက စားသောက်ရေး အကူအညီပေးဖို့ ဆက်သွယ်လာတာကြောင့် အရေးပေါ်သွားရောက်ကူညီပေးဖြစ်ခဲ့တာလို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူသွားမယ်လို့ သတိပေးထားပြီးနောက်ပိုင်း ထိုင်းနယ်စပ် တစ်လျှောက်မှာ ဒီရက်ပိုင်း လုံခြုံရေးတွေ တင်းကျပ်ထားပြီလို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ကူညီပေးရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေဟာ လဝကဥပဒေအရ ၄၅ ရက်ကနေ ရက် ၉၀ အထိ ထောင်ဒဏ်ခံရနိုင်ပြီး လူအစုလိုက် အပြုံလိုက် အဖမ်းခံရမယ်ဆိုရင်တော့ လူကုန်ကူးမှုနဲ့ ထောင် လေးလကနေ တစ်နှစ်အထိ ချခံရနိုင်တယ်လို့လည်း ထိုင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ထိုင်းသံရုံးကနေ တရားဝင်ခွင့်ပြုထားတဲ့ ဗီဇာနဲ့ဖြစ်စေ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ တရားဝင်လက်မှတ်ရေးထိုးထားတဲ့ MOU စနစ်နဲ့ လာသင့်တယ်လို့ အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။