ထိုင်းရောက် မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ခေါ်မည်


2018.08.26
myanmar-refugees-return-622.jpg ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည် ပထမအသုတ် အောက်တိုဘာလက ပြည်တော်ပြန်စဉ်
Photo: UNHCR/Vivian Tan

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေထဲက မြန်မာနိုင်ငံ ဘက်ပြန်လိုသူတွေကို လာမယ့် အောက်တိုဘာလအတွင်း မြန်မာဘက်က ပြန်ခေါ်ဖို့ နှစ်နိုင်ငံအစိုးရအကြား သဘောတူလိုက်တယ်လို့ သိရပါတယ်။

လောလောဆယ် နေရပ်ပြန်လိုသူတွေကို  မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်နေတယ်လို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံမှူးကြီး ဦးအောင်ကျော်သူရ က ပြောပါတယ်။

"သူတို့က မိမိဆန္ဒအလျောက် ပြန်ချင်တယ်ဆိုတဲ့ အဲဒီလူတွေကို ကိုယ်တို့က ဦးစားပေးပေါ့နော်၊ တကယ်ပြန် ချင်တဲ့သူတွေပဲ လာစာရင်းပေးကြတာပါပဲ၊ မိုးကင်းတဲ့အချိန်လေး ပြန်ခေါ်မယ်လို့တော့ လုပ်ထားတာပေါ့နော်၊ မိုးတွင်းကျတော့ ဟိုဘက်ဒီဘက်က တချို့နေရာတွေက သွားလို့မကောင်းဘူး၊ အဲဒါကြောင့် မိုးကင်းတဲ့ အောက်တိုဘာ ပတ်ဝန်းကျင်လောက်ဖြစ်နိုင်မယ်ထင်တယ်"

နေရပ်ကိုပြန်ဖို့ စာရင်းပေးထားသူ ဒုက္ခသည် ၃၀၀ ကျော်ရှိပြီး အဲဒီထဲကနေ အထောက်အထား ပြည့်စုံသူတွေ ကို ပြန်ခေါ်မှာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသွားပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြ သူတွေထဲက ပြန်ချင်သူတွေကို ပြန်လည်လက်ခံပေးနေတာ နှစ်ကြိမ်ရှိပြီ ဖြစ်ပါတယ်။

အခုအကြိမ်ဟာ တတိယအကြိမ် ပြန်လည်လက်ခံမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကစပြီး စုစုပေါင်း အယောက် ၁၅၀ ကျော် ကို ပြန်လည်လက်ခံပြီး ဖြစ်ပါတယ်။ ဒီလို နယ်စပ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို တစ်နှစ်ကို နှစ်ကြိမ် ပြန် လည်လက်ခံဖို့ အစိုးရက စီစဉ်ထားတယ်လို့ သိရပါတယ်။

အခုလို ပြန်လာသူတွေကို နေစရာနဲ့ အလုပ်အကိုင်တွေ အစိုးရက စီစဉ်ပေးနေတယ်လို့လည်း သံမှူးကြီးက ပြော ပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထိုင်း -မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၁ဝ ခုမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားအရေအတွက် သိန်းနဲ့ချီပြီး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။