ထိုင်းမှာ တရားမဝင် အလုပ်သမား ၃၀၀ ကျော် ဖမ်းဆီး


2017.05.03

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ချွန်ဘူရီခရိုင် ဖတ်ထရားမြို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို မနေ့ မနက်ပိုင်းက အာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးခဲ့ရာမှာ မြန်မာတွေ အပါအဝင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်က ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့က ကိုမင်းဦး က "ဒီအထဲမှာ လုပ်နေတဲ့လူတွေကတော့ အများကြီးပဲ၊ ဒီအလုပ်သမားတွေက အဲဒီ အများကြီးထဲမှာမှ ခုနပြောတဲ့ စစ်လို့မိတာက ၃၀၀ ကျော် ဘာအထောက် အထားမှ မရှိဘူးဆိုတာမျိုး မိတာ၊ အဓိကကတော့ အဲ့ဖက်အခြမ်းက များသောအားဖြင့် ကမ်ပူချားတွေ များတယ်၊ ကျနော်တို့ မြန်မာတွေ ရှိတယ်၊ တတိယလိုက်တာကတော့ လာအို ပေါ့နော်။" လို့ ပြောတယ်။

အခုဖမ်းဆီးရမိတဲ့ အလုပ်သမားတွေထဲမှာ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် အလုပ်သမားကဒ်မရှိသူတွေ ပါသလို၊ အလုပ်ရှင်နဲ့ အလုပ်လုပ်တဲ့နေရာ လွဲမှားနေသူတွေနဲ့ အလုပ်သမားသက်တမ်းကုန်ဆုံးနေသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ဦးမင်းဦးက အကြောင်းကြားခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေထံက အကြောင်းကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေဟာ မနေ့က နေ့လည်ပိုင်းအထိ ဖတ်ထရား ရဲစခန်းမှာ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။