CI ကဒ်ကျန်နေသူတွေ အမြန်ဆုံးထုတ်ယူဖို့ မြန်မာသံရုံး တိုက်တွန်း


2018.01.27
ci-thai-622.jpg ထိုင်း CI ထုတ်ပေးရေးစခန်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ကွင်းဆင်းကြည့်ရှုနေသည်ကို တွေ့ရစဉ်
Photo: MOI Webportal Myanmar's facebook

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရဖို့အတွက် သက်သေခံလက်မှတ် CI ထုတ်ယူဖို့ မြန်မာအလုပ် သမား လေးသိန်းခြောက်သောင်းကျော် ကျန်ရှိနေတဲ့အတွက် အမြန်ဆုံးထုတ်ယူကြဖို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက တိုက်တွန်းနေပါတယ်။

မြန်မာ-ထိုင်းနှစ်နိုင်ငံလုံးက အသိအမှတ်ပြုပြီး လုပ်ပေးနေတာဖြစ်တဲ့အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ စာရွက်စာ တမ်းတွေကို အမြန်ဆုံးထုတ်ယူစေချင်တယ်လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

"ကျနော်တို့နိုင်ငံက Migrant အနေနဲ့ ရောက်ရှိလာတဲ့ အလုပ်သမားတွေ အားလုံးအနေနဲ့ပေါ့လေ၊ ကျနော်တို့ နိုင်ငံအနေနဲ့ရော ထိုင်းနိုင်ငံအနေနဲ့ရော နှစ်ဘက် နိုင်ငံညှိနိုင်းပြီးတော့ မိမိနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ၂ နိုင်ငံ ညှိနိုင်းပြီးတော့ လုပ်ပေးနေတဲ့အချိန်မှာ မိမိတို့ရဲ့ စာရွက်စာတမ်းတွေ ကို လာရောက်လုပ်ကြဖို့ပေါ့နော်။ လက်ရှိနိုင်ငံမှာလည်း တရားဝင်ဖြစ်အောင်လုပ်ကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်"

CI ထုတ်ယူပြီးတဲ့ မြန်မာအလုပ်သမား ၉ သိန်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။

CI ထုတ်ပေးရေးစခန်း ၉ ခုအပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး အလုပ်သမားတွေရှိတဲ့ နေရာတွေမှာ ရွှေ့ပြောင်း ဝန်ဆောင်မှုနဲ့ CI ကတ်တွေ ထုတ်ပေးတာ ဖြစ်ပါတယ်။ CI ကဒ်တွေကို လာမယ့် ဇွန်လကုန်အထိ ထုတ်ပေးမှာဖြစ် တယ်လို့ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ့်လက်ဝယ်မှာရှိနေတဲ့ စာရွက် စာတမ်းတွေဟာ တကယ်ပဲ တရားဝင်လား၊ မဝင်လား သေချာမသိတာ၊ တရားဝင်အောင်လုပ်ဖို့ လိုအပ်မှန်း မသိတာတွေကြောင့် မထုတ်ယူကြတာတွေ ရှိနေတယ်လို့ ဦးစန်းမောင်ဦးက ပြောပါတယ်။

ဘန်ကောက်မြို့အနီးဝန်းကျင်တွေ၊ မြန်မာ-ထိုင်း နယ်စပ်မြို့နယ်နေရာတွေ၊ စက်မှုဇုန်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ CI ထုတ်ယူဖို့ ကျန်နေတာများတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။