CI စခန်းမှာ ငွေပိုတောင်းတဲ့ ပွဲစားတွေကို အရေးယူဖို့ကိစ္စ ညှိနှိုင်း


2017.10.11
ci-thai-622.jpg ထိုင်း CI ထုတ်ပေးရေးစခန်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ကွင်းဆင်းကြည့်ရှုနေသည်ကို တွေ့ရစဉ်
Photo: MOI Webportal Myanmar's facebook

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို အထောက်အထားသက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ စခန်းတွေမှာ ငွေကြေးပိုမိုတောင်းခံနေတဲ့ ပွဲစားတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက CI စခန်းတွေကို သွားရောက်စစ်ဆေးပြီးနောက် ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့တာတွေကို အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က အခုလိုပြောပါတယ်။

"ပွဲစားတွေကို ထိရောက်စွာအရေးယူပေးဖို့ ဆရာတို့ ညှိခဲ့တယ်၊ တချို့ထိုင်းအလုပ်ရှင်တွေက ပွဲစားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာရှိတယ်လေ၊ အမှန်တကယ် ဆရာတို့က CI ကြေးက ၃၀၀ ပဲရှိတယ်၊ Seven Eleven က ဝန်ဆောင်ခ ၁၀ ယူတာကိုး၊ ၃၁၀ ပဲရှိတယ်၊ ထိုင်းဘက်ကလည်း သူတို့က Work Permit ကိစ္စရှိတယ်၊ ဗီဇာကြေးရှိတယ်၊ ဆေးစစ်ခတွေရှိတယ်လေ၊ သတ်မှတ်ချက်ထက် သူက ပိုယူလို့မရဘူးပေါ့၊ ထိုင်းအလုပ်ရှင် တွေက ပွဲစားတွေနဲ့ပေါင်းတယ်ဆိုတာ အမြန်ပြီးချင်တာကိုး၊ ပိုက်ဆံပိုတောင်းတာ တွေ့နေရတယ်လေ၊ ဒါကိုလည်း ဆရာတို့က သူတို့ DG ကို ပြောပြခဲ့ပါတယ်"

CI လုပ်ဖို့အတွက် အလုပ်သမားတစ်ယောက်ဟာ တရားဝင်ကုန်ကျစရိတ် ဘတ် နှစ်ထောင်လောက်သာရှိပေမယ့် ပွဲစားတွေနဲ့ဆိုရင် ဘတ် ၅ ထောင်ကနေ ၁ သောင်းအထိ ပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုငွေကြေးတောင်းခံတာတွေရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေကြောင့် ဦးဝင်းရှိန်ဟာ အောက်တိုဘာ ၃ ရက်နေ့ ကနေ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံက CI ထုတ်ပေးတဲ့ စခန်းတွေဖြစ်တဲ့ မဟာချိုင်၊ ချင်းမိုင်၊ ဆုံခလာ၊ ရနောင်း နဲ့ မယ်ဆိုင် စတဲ့စခန်း ၉ ခုလုံးကို လိုက်လံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံခဲ့ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးမြန်းခဲ့တယ်လို့လည်း ဦးဝင်းရှိန် က ပြောပါတယ်။

ထိုင်းအစိုးရကလည်း တချို့ CI ထုတ်ပေးတဲ့ စခန်းတွေမှာ ပွဲစားတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။