မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ သောင်းခွဲခန့်ကို နေရပ်ပြန်ပို့
2019.01.02

၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက ၇ သောင်းခွဲခန့်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ပြန်လည်ပို့ဆောင်ခံရသူတွေဟာ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်နေသူနဲ့ အထောက်အထားမဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအလုပ်သမားတွေကို ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက မြန်မာသံရုံးကိုလွှဲပြောင်းပေးပြီး သံရုံးကနေတဆင့် မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ကို အလုပ်သမား ၆၀၀ ကျော်၊ မဲဆောက်မြို့ကနေ မြဝတီ မြို့ကို အလုပ်သမား ၇ သောင်းကျော်၊ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို အလုပ်သမား ၃ သောင်းကျော် ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ပွဲစားကနေတဆင့် တရားမဝင်လမ်းကြောင်းကနေ လိုက်ပါလာပြီး အခက်အခဲတွေ ကြုံတွေ့ရတာကြောင့် မြန်မာသံရုံးကို ဆက်သွယ်အကူညီတောင်းလာတဲ့ အလုပ်သမား ၂ ထောင်ကျော်ကိုလည်း ပြန်လည်ပို့ဆောင်ပေး ခဲ့တယ်လို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ဖို့အတွက် တရားမဝင်လမ်းကြောင်းတွေကနေ သွားတာကြောင့် လူကုန်ကူးခံရတာ၊ လိမ်လည်ခံရတာတွေရှိနေတာကြောင့် တရားဝင်နည်းလမ်းနဲ့သာ သွားရောက်ကြဖို့ မြန်မာသံရုံးက တိုက်တွန်းထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။