တရုတ်နယ်စပ်ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ခွင့်ရ

2021.07.27
တရုတ်နယ်စပ်ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ခွင့်ရ မူဆယ် နန်းတော်ဂိတ်ပေါက်ကို မြင်တွေ့ရစဉ်
Photo: Citizen Journalist

တရုတ်နယ်စပ်ဒေသတွေမှာ အလုပ်လုပ်နေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အာဏာပိုင် တွေက မူဆယ် နန်းတော်ဂိတ်ပေါက်ကနေ ဖွင့်ပေးလိုက်ပါတယ်။

ဇူလိုင် ၂၆ ရက် မနေ့က မနက် ၈ နာရီကနေ နေ့လယ် ၁၂ နာရီအထိ မြန်မာနိုင်ငံထဲကို ပြန်ချင်သူတွေအတွက် နန်းတော်ဂိတ်ပေါက်ကို တရုတ်ဘက်က ဖွင့်ထားပေးနေတာကို တွေ့ရတယ်လို့ မူဆယ်မြို့ခံ မိုင်ညိုသိန်းက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ချိန် ၂၀၂၀ မေလ နောက်ပိုင်းမှာ တရုတ်ဘက်က လူဝင်ထွက်တဲ့ ဂိတ်တွေကို စတင်တင်းကျပ်ခဲ့ပြီး အဲဒီနောက်ပိုင်း လူ အဝင်အထွက်ဂိတ်ကိုပါ ပိတ်ထားလိုက်တာကြောင့် နေရပ်ပြန်လိုသူတွေဟာ တရားမဝင်ဂိတ်ပေါက်တွေကနေ ပြန်လာနေကြရတာပါ။

နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ ညှိနှိုင်းမှုနဲ့ အခုလို နေရပ်ပြန်သူတွေကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး သူတို့ပိုင် ပစ္စည်းတွေကိုပါ သယ်လာခွင့်ရကြတယ်လို့ ဆိုပါတယ်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ က တရုတ်နိုင်ငံထဲ အသွားအလာ ကန့်သတ်ထားတဲ့ကာလမှာ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေ တရားမဝင်ဂိတ်ပေါက်တွေကနေ ပြန်နေကြရတာဟာ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ မညီတဲ့အတွက် ဇူလိုင် ၂၅ ရက်နေ့က တရုတ်အာဏာပိုင်တွေထံ တောင်းဆိုခဲ့လို့ ဇူလိုင် ၂၆ ရက်နေ့မှာ ခွင့်ပြုပေးလိုက်တာပါ။

မနေ့က လူဦးရေ ငါးဆယ်ဝန်းကျင်လောက် ပြန်ဝင်လာကြပြီး သူတို့ကို မူဆယ်ခရိုင်၊ မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနဲ့ ပရဟိတ စေတနာ့ဝန်ထမ်းတွေက ဆောင်ရွက်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။