မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု တောင်အာဖရိကတရားရုံးချုပ် ပိတ်ပင်

RFA Burmese
2024.07.21
မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု တောင်အာဖရိကတရားရုံးချုပ် ပိတ်ပင် ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၆ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

တောင်အာဖရိကနိုင်ငံကနေ မြန်မာနိုင်ငံကို လက်နက်ရောင်းချခွင့်ပြုထားတဲ့ ခွင့်ပြုမိန့်ကို တောင်အာဖရိကတရားရုံးချုပ်က ပယ်ဖျက်လိုက်ကြောင်း Justice For Myanmar အဖွဲ့က ဖေ့ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချမှုပိတ်ပင်လိုက်တဲ့ တောင်အာဖရိကတရားရုံးချုပ်ရဲ့ အမိန့်ကို ကြိုဆိုကြောင်း Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောထားပါတယ်။

“အခုအမိန့်ဟာ မြန်မာပြည်သူတွေကို ကာကွယ်ပေးမှာ ဖြစ်တဲ့အတွက် တရားရုံးချုပ်ရဲ့ ယခုကိစ္စအပေါ်ချမှတ်တဲ့ စီရင်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုခွင့်ပြုချက်မျိုးက အစကတည်းက အတည်ပြုမပေးခဲ့သင့်တဲ့ ခွင့်ပြုချက်တွေ ဖြစ်ပါတယ်။ တောင်အာဖရိက လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ အသက်ဝင်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်”

မြန်မာနိုင်ငံကို စစ်လက်နက်လွှဲပြောင်ရောင်းချခွင့်အမိန့်ကို ပယ်ဖျက်ပေးဖို့ တောင်ပိုင်းအာဖရိကတရားရေးစင်တာ (SALC) ကိုယ်စား လူ့အခွင့်အရေးဆိုင်ရာရှေ့နေများ (LHR) အဖွဲ့က လျှောက်ထားခဲ့တာဖြစ်ပြီး တောင်အာဖရိကတရားရုံးချုပ်က ဇူလိုင်လ ၁၉ ရက်နေ့မှာ ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

တောင်အာဖရိကတရားရုံးချုပ်ရဲ့ အမိန့်ထဲမှာ မြန်မာနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘဲ အစိုးရပြောင်းအလဲလုပ်ထားတာနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတစ်ခုခုကျူးလွန်ထားကြောင်း သံသယဖြစ်ခံထားရတဲ့ နိုင်ငံတစ်ခုကို စစ်လက်နက်‌ တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားဖို့ တာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

၂၀၁၇ ခုနှစ်နေ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံကနေ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၂ သန်းနီးပါး တန်ဖိုးရှိတဲ့ စစ်လက်နက်တွေ တင်ပို့ခဲ့ပါတယ်။

တောင်ပိုင်းအာဖရိကတရားရေးစင်တာ (SALC) က မြန်မာနိုင်ငံကို စစ်လက်နက်တွေ တင်ပို့နေတာ ရပ်ဆိုင်းဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ တောင်အာဖရိကတရားရုံးချုပ်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။