တိမ်ညိုရွာအနီးမှာ ပစ်ခတ်ခံရလို့ ဒေသခံတစ်ဦး သေဆုံး
2019.07.24

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်မြင့်ကျေးရွာကနေ ကြာကန်ကျေးရွာဘက်ကိုသွားတဲ့ ဒေသခံ လှေတစ်စီး ဟာ တိမ်ညိုကျေးရွာအနီးမှာ ပစ်ခတ်ခံရတဲ့အတွက် အသက် ၂၂ နှစ်အရွယ် ကိုဘိုသန်းထွန်းရဲ့ ဦးခေါင်း ကျည်ထိမှန် သွားပြီး မြောက်ဦးဆေးရုံမှာ ဒီနေ့သေဆုံးသွားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်မြင့်ကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုဘိုသန်းထွန်းဟာ သူ့ရဲ့ညီ၊ အစ်မ၊ ယောက်ဖ တို့နဲ့အတူ ကြာကန်ကျေးရွာဘက်ကို မနေ့ကနေ့လယ်ပိုင်းမှာ လှေနဲ့သွားခဲ့ကြတာပါ။
ကြာကန်ကျေးရွာမှာရှိတဲ့ လယ်ကွင်းမှာ စိုက်ပျိုးဖို့ မျိုးစပါး ၄ အိတ်ကို လှေပေါ်တင်ဆောင်ပြီးသွားကြရာမှာ တိမ်ညိုကျေးရွာ ဒိုင်ကွင်းရှေ့နားအရောက်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ လှေပေါ်မှာလိုက်ပါသွားတဲ့ သေဆုံးသူ ကိုဘိုသန်းထွန်းရဲ့ယောက်ဖဖြစ်သူ ဦးလှမောင်ချေ က ပြောပါတယ်။
“သူတို့လှမ်းပစ်တဲ့အချိန်မှာ ကျွန်တော်တို့က လှေပေါ်မှာပဲ ဝပ်နေကြရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် ယောက်ဖအငယ်ကတော့ စက်လှေကို အားနဲ့မောင်းပြီးပြေးကြပါတယ်။ ကျွန်တော်တို့ ကမ်းကိုရောက်တာနဲ့ ခုန်ဆင်းတယ်။ ရေမှာ ဆင်းငုပ်နေလိုက်ကြတယ်။ ကျွန်တော်တို့နဲ့ သူတို့နဲ့က နီးနီးလေးပါ။ တစ်ယောက်နဲ့ တစ်ယောက်ကြည့်လို့မြင်ရပါတယ်။ ကျွန်တော်တို့လာတဲ့အချိန်မှာ သူတို့တွေက ချောင်းကမ်းနားမှာ ထိုင်နေကြ တာ။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ကိုမြင်တာနဲ့လှမ်းလို့ပစ်တာပါ”
လှေပေါ်ပါလာတဲ့ အခြားသူတွေမှာတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ သိရပါတယ်။
တိမ်ညိုကျေးရွာမှာရှိတဲ့ ဒိုင်ကွင်းဟာ တပ်မတော်ရဲ့ ထောက်ပို့တပ်စခန်းတစ်ခုဖြစ်ပြီး သေဆုံးသွားတဲ့ ကိုဘိုသန်းထွန်း တို့ရဲ့လှေဟာ အဲဒီတပ်စခန်းနဲ့ကပ်လျက်ရှိနေတဲ့ ချောင်းကနေဖြတ်သွားရတာ ဖြစ်ပါတယ်။
မနေ့က သေနတ်နဲ့ပစ်သံတွေဟာ အဲဒီတပ်စခန်းတစ်ခုတည်းကပဲ ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ အခင်းဖြစ်ချိန်မှာ တိမ်ညိုကျေးရွာမှာရှိနေတဲ့ ဦးစံဝေ က ပြောပါတယ်။
“ထောက်ပို့က အဲဒီနေရာကပစ်တယ်ဆိုတာကိုသိတယ်။ တခြားဘက်ကပစ်တာမရှိဘူး။ အဲဒီထောက်ပို့တပ် တစ်ခုတည်းကပစ်တာကိုပဲကြားရတယ်။ လက်နက်ကြီးနဲ့ပစ်တာက ခြောက်ချက်၊ ခုနစ်ချက်လောက်ဖြစ်မယ် ထင်တယ်။ သေသေချာချာတော့ မရေထားလိုက်ရဘူး။ လက်နက်ငယ်နဲ့ပစ်တာတော့ တော်တော်များတယ်”
ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။
“အရပ်သားတွေရဲ့ နေ့တဓူဝအသက်ရှင်ရပ်တည်ရေးကို ဒါခြိမ်းခြောက်နေတာဖြစ်တယ်။ သူတို့ကနေပြီးတော့ တွေ့သမျှလူတွေကို လိုက်ပြီးတော့ပစ်ခတ်တယ်ဆိုတဲ့ဥစ္စာက ဘယ်နိုင်ငံမှာမှ အဲလိုမျိုးမရှိဘူး။ ဘယ်စစ်တပ်မှ အဲလိုမလုပ်ဘူး။ တိုင်းပြည်ကိုယ်စားပြုတဲ့စစ်တပ်ဟူသမျှ အဲလိုမလုပ်ဘူး။ အခုဟာကပြောရမယ်ဆိုလို့ရှိရင် လူဆိုးဂိုဏ်းကနေပြီးတော့ လုပ်သလိုမျိုးဖြစ်နေတယ်။ ဒီဟာကတော့ ကျွန်တော်တို့မြင်တာ ကတော့ ဗမာစစ်တပ်ဟာ ရခိုင်တွေကို လူမျိုးရေးအရနေပြီးတော့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့နေပြီးတော့ ပစ်ခတ် သတ်ဖြတ်နေတာလို့ ကျွန်တော်တို့က အဲလိုပဲမြင်တယ်ဗျ။ ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာပဲ”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က ဒေသခံတွေရဲ့လှေ ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ သတင်းမရသေးဘူးလို့ပြောပါတယ်။
“အဲဒါတော့ ကျွန်တော် ဂဃနဏမသိသေးဘူးခင်ဗျ။ မနေ့ကတော့ ကျွန်တော်သိတာဆိုလို့ လက္ကာရွာဝန်းကျင် နားလောက်မှာ AA က ရီမုတ်မိုင်းနဲ့ခွဲလိုက်တာ တစ်လုံးကွဲသွားတယ်။ ဒါလေးပဲကျွန်တော်သိတယ်။ ကျန်တာ ကတော့ အဲဒီဘက်မှာ ကျွန်တော် အခြားဘာသတင်းမှာမရဘူးခင်ဗျ”
ဦးခေါင်းမှာကျည်ဒဏ်ရာရသွားတဲ့ ကိုဘိုသန်းထွန်းကို မနေ့က တိမ်ညိုဆေးရုံကနေတဆင့် မြောက်ဦးဆေးရုံကို အရေးပေါ်တင်ဆောင်ခဲ့ပါတယ်။
မနေ့ကပစ်တဲ့လူတွေကို စုံစမ်းဖော်ထုတ်ဖို့၊ ပြတ်ပြတ်သားသား အရေးယူပေးဖို့ လိုချင်တယ်
ဒီနေ့မနက်က စစ်တွေဆေးရုံကို အရေးပေါ်ဆက်လက် ပို့ဆောင်ဖို့ မိသားစုတွေက စီစဉ်ခဲ့ကြပေမယ့် အခြေအနေ ဆိုးရွားလာတဲ့အတွက် မပို့ဆောင်လိုက်ရဘဲ မြောက်ဦးဆေးရုံ မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ကိုဘိုသန်းထွန်းရဲ့ ရုပ်အလောင်းကို မနက်ဖြန် မြောက်ဦး သုသာန်မှာ သဂြိုဟ်မယ်လို့လည်း မိသားစုက ပြောပါတယ်။
ကိုဘိုသန်းထွန်းရဲ့ အဖေ ဦးမောင်မြစိန်က မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
“ဦးလေးတို့က ဥပဒေလည်း ကျွမ်းကျင်တာမဟုတ်ပါဘူး။ ဦးလေးက ရိုးရိုးသားသားလယ်သမားတစ်ယောက် အနေနဲ့ပြောရမယ်ဆိုရင် ဒီထောက်ပို့တပ်စခန်းမှာ ဘယ်သူကြီးကြပ်အုပ်ချုပ်တယ်၊ အဲဒီလူကိုအဓိက အရေးယူဆောင်ရွက်ပေးဖို့နဲ့ မနေ့ကပစ်တဲ့လူတွေကို စုံစမ်းဖော်ထုတ်ဖို့၊ ပြတ်ပြတ်သားသားအရေးယူပေးဖို့ အဲဒါပဲလိုချင်တယ်”
မနေ့က မနက် ၁၁ နာရီလောက်မှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မနေ့က ကိုဘိုသန်းထွန်းတို့ရဲ့လှေ ပစ်ခတ်ခံရတာကတော့ နေ့လယ် ၁ နာရီလောက်မှာဖြစ်ပြီး တပ်မတော် စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာကနေ မြောက်ဘက် ၃ မိုင်ကျော်လောက် ကွာဝေးပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း သေနတ်နဲ့ပစ်ခတ်ခံရတာ၊ လက်နက်ကြီးကျည်ထိမှန်တာ၊ မိုင်းပေါက်ကွဲ တာတွေကြောင့် သေဆုံးသူဟာ အရင်က ၇၀ ကျော်အထိရှိခဲ့ရာကနေ အခုနောက်ထပ်တစ်ဦး တိုးလာတာလည်းဖြစ်ပါတယ်။
အခုနှစ်အတွင်း လက်နက်ကျည်တွေ၊ မိုင်းတွေကြောင့် ဒဏ်ရာနဲ့ ဆေးရုံတက်ကုသခဲ့ရသူတွေကတော့ ၁၀၀ ကျော်အထိ ရှိပါတယ်။