အိန္ဒိယနယ်စပ် မိုးရေးမြို့အနီး မြန်မာဒုက္ခသည်‌တွေအတွက် ယာယီစခန်း ဖွင့်မည်

RFA Burmese
2023.03.28
အိန္ဒိယနယ်စပ် မိုးရေးမြို့အနီး မြန်မာဒုက္ခသည်‌တွေအတွက် ယာယီစခန်း ဖွင့်မည် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာစစ်ဘေးဒုက္ခသည်များ ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က မိုးရေးမြို့တွင် တွေ့ဆုံစဉ်။
Citizen Journalist

အိန္ဒိယ - မြန်မာနယ်စပ် မိုးရေးမြို့အနီးမှာ မြန်မာဒုက္ခသည်တွေ နေထိုင်နိုင်ဖို့ ယာယီစခန်း ဖွင့်ပေးမယ်လို့ မဏိပူရ်အစိုးရက ပြောဆိုခဲ့ကြောင်း မဏိပူရ်ရောက် မြန်မာဒုက္ခသည် တွေက RFA ကို ဒီနေ့ ပြောပါတယ်။

မဏိပူရ်ပြည်နယ်က မြန်မာဒုက္ခသည်တွေ အကုန်လုံး အိန္ဒိယ- မြန်မာ နယ်စပ်အနီးက မိုးရေးမြို့မှာပဲ နေထိုင်ရမယ်လို့ မဏိပူရ် အစိုးရက ပြောသွားကြောင်း India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

"မဏိပူရ်အစိုးရက ဖွဲ့လိုက်တဲ့ ဒုက္ခသည်ကူညီပေးရေး ဆပ်ကော်မတီက ဝန်ကြီးတွေက မိုးရေးမြို့ကို လာတယ်။ ယာယီစခန်း ဖွင့်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ချမှတ်တဲ့ စည်းကမ်းတွေအတိုင်း နေရမယ်။ မြန်မာနိုင်ငံ ပြန်ငြိမ်းချမ်းရင် နေရပ်ကိုပြန်ရမယ်လို့ ပြောတယ်"

အရင်က မြန်မာဒုက္ခသည်တွေကို မဏိပူရ်အစိုးရက လိုက်လံဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းမှာ မြန်မာဒုက္ခသည်တွေကို မဏိပူရ်အစိုးရက လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရတာဟာ ၁၇၀ ဦး ရှိနေပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေ ပြန်လွှတ်ပေးပြီး ယာယီစခန်းမှာ နေထိုင်ခွင့်ပြု မယ်လို့ မဏိပူရ်အစိုးရရဲ့ မြန်မာဒုက္ခသည် ကူညီပေးရေး ဆပ်ကော်မတီက ပြောဆိုသွား ခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ချင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် တစ်သောင်းကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။