မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ထောင်အာဏာပိုင်တွေ ညှိနှိုင်း

RFA Burmese
2024.06.27
မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ထောင်အာဏာပိုင်တွေ ညှိနှိုင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဉ်းထောင်ကို တွေ့ရစဉ်။
e-pao.net Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေတဲ့ မြန်မာအကျဉ်းသားတွေကို ဇွန်လ ၂၆ ရက်မှာ ထောင်အာဏာပိုင်တွေက လာရောက်ညှိနှိုင်းခဲ့တယ်လို့ အကျဉ်းသားအရေး ကူညီနေသူတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ အတင်းအကျပ် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် ဇွန်လ ၁၆ ရက်နေ့ကစပြီး အကျဉ်းသား ၉၉ ဦး ဆန္ဒပြနေတာဖြစ်ပါတယ်။

ထောင်အာဏာပိုင်တွေ လာရောက်ညှိနှိုင်းပေမဲ့ သဘောတူညီမှုမရခဲ့တာကြောင့် ဆက်လက်ဆန္ဒပြနေတယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

“ထောင်ဘက်ပိုင်းကတော့ သံရုံးနဲ့ ချိတ်ဆက်ပြီးလုပ်ဖို့ နောက်ပြီးတော့ မိဘဆွေမျိုးရှိရင် ပက်စ်ပို့နဲ့လာပြီးတော့ ထုတ်ဖို့လာညှိနှိုင်းတာပေါ့။ အဲဒါက မြန်မာပြည်ရောက်ရင် ပြစ်မှုထင်ရှားမှု ရှိ၊ မရှိ ပြန်စစ်ဆေးမှာဆိုတော့ တချို့သူတွေအတွက် လုံခြုံမှုမရှိဘူး။ အဲ့ဒါကြောင့် စကစလက်ထဲ ပြန်မရောက်ရေး တောင်းဆိုကြတာ”

အင်ဖာအကျဉ်းထောင်မှာ မြန်မာတွေ ဆန္ဒပြတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက အိန္ဒိယသံရုံး၊ နယူးဒေလီက မြန်မာသံရုံးနဲ့ UNHCR ရုံးတို့ကို RFA က ဇွန်လ ၂၅ ရက်မှာ အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

India For Myanmar၊ Blood Money Campaign၊ Defend Myanmar Democracy နဲ့ Sitt Nyein Pan Foundation အဖွဲ့တွေကတော့ အာသံနဲ့ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို မြန်မာပြည်ပြန်မပို့ဖို့ အိန္ဒိယအစိုးရထံ ဇွန်လ ၁၉ ရက်မှာ တောင်းဆိုထားပါတယ်။

မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီထံ ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောက်ထပ် ၃၈ ဦးကို ပြန်လွှဲပေးခဲ့ပါတယ်။

လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။