မဏိပူရ်ထောင်မှာ စစ်ဘေးဒုက္ခသည် သေဆုံးမှု ကူကီးချင်းအဖွဲ့တွေ ရှုတ်ချ
2023.02.28

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့မှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား စစ်ဘေး ဒုက္ခသည်တစ်ဦး ဖေဖော်ဝါရီ ၂၅ ရက်နေ့ညပိုင်း အချုပ်ခန်းအတွင်း ရုတ်တရက် သေဆုံးခဲ့တဲ့အပေါ် မဏိပူရ်ပြည်နယ်အစိုးရကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကူကီးချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် ကူကီးချင်းလူမျိုး ကိုလမ်းခိုချွန်းဖြစ်ပြီး မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်၊ လန်းချန်ရွာမှာ ဇန်နဝါရီ ၂၇ ရက်နေ့က မဏိပူရ်ရဲတွေ ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ကိုလမ်းခိုချွန်းကို အင်ဖာမြို့ ရင်ခွဲရုံမှာ စစ်ဆေးပြီးနောက် ရုတ်တရက် နှလုံးရပ် သေဆုံးတာလို့ မဏိပူရ်အစိုးရက ပြောပေမယ့် မိသားစု၀င်တွေကတော့ သူ့မှာ ဘာရောဂါ အခံမှမရှိဘဲ ကျန်းမာရေးကောင်းသူလို့ ဆိုပါတယ်။
ကိုလမ်းခိုချွန်းအလောင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က မိုးရေးမြို့ လန်းချန်ရွာကို ပြန်ပို့ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက် နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစု၀င်တွေက RFA ကို ပြောပါတယ်။
ကိုလမ်းခိုချွန်း သေဆုံးပြီးနောက် မဏိပူရ်အချုပ်ထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာ စစ်ဘေးဒုက္ခသည် သက်ကြီးသုံးဦးလည်း အရေးပေါ်အခြေအနေနဲ့ ဆေးရုံတင်ထား ရတယ်လို့ India for Myanmar အဖွဲ့က RFA ကို ပြောပါတယ်။
မဏိပူရ်ထောင်ထဲမှာ အစားအသောက်အပါအဝင် နေထိုင်ခင်းတွေကအစ ကျန်မာရေးနဲ့ မညီတာကြောင့် အဖမ်းခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေတယ် လို့လည်း ဆိုပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ မြန်မာဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအပေါ် အသိအမှတ်ပြုလက်ခံပေးဖို့ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (KSDF)၊ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)၊ မြန်မာနိုင်ငံ ကူကီး ကျောင်းသားများအဖွဲ့အစ ည်း (KSO- M) နဲ့ တမူးခရိုင် အရပ်အဖက်အဖွဲ့အစည်းများကွန် ရက် (TDCN) တို့က အသီးသီးထုတ်ပြန်တောင်းဆိုထာ းပါတယ်။
လက်ရှိ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီး အဖမ်းခံထားရတဲ့ စစ်ဘေးဒုက္ခသည် ၁၇၀ ကျော်ရှိနေတယ်လို့ India for Myanmar အဖွဲ့က ပြောပါတယ်။