မြန်မာ့အရေးဖြေရှင်းဖို့ အားလုံးစေ့စပ်ညှိနှိုင်းဖို့ အင်ဒိုနီးရှား တိုက်တွန်း
2023.07.07

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အတွက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ စေ့စပ်ညှိနှိုင်းမှု လုပ်သွားဖို့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီ က ပြောလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ဂျကာတာမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားတာပါ။
မြန်မာနိုင်ငံက အမျိုးမျိုးသော အစုအဖွဲ့တွေအကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ အလွန်အရေးကြီးနေပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ကျဖို့ နဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကို ရှောင်ကြဉ်ဖို့၊ စေ့စပ်ညှှိနှိုင်းဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံဟာ ပြီးခဲ့တဲ့ ၇ လတာကာလအတွင်းမှာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု အကြိမ် ၁၁၀ ထက်မနည်း လုပ်ခဲ့ပြီး၊ ဒီအထဲမှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ လူကိုယ်တိုင် အကြိမ်ကြိမ် တွေ့ဆုံမှုတွေ ပါဝင်ကြောင်း၊ သူက ပြောပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံးကို နိုင်ငံအဆင့် ညီလာခံတစ်ခု ကျင်းပပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းရမယ့် အချိန်ဖြစ်တယ်လို့ ရက်တနို မာဆူဒီ က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး ရစေချင်တယ်ဆိုရင် အားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေရှိမှ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင်း ပြင်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်လာဖို့ဝိုင်းဝန်း တိုက်တွန်းကြဖို့လိုပါတယ်လို့ ရက်တနို မာဆူဒီက ပြောပါတယ်။