ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေ ပိုများလာနိုင်ကြောင်း Save The Children ပြော
2024.11.08

အင်ဒိုနီးရှားနိုင်ငံကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လှေနဲ့ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေး ၁၇၃ ဦး အပါအဝင် ၃၉၅ ဦးရှိခဲ့ကြောင်း၊ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူ ကာလက ရောက်လာတဲ့ ရိုဟင်ဂျာ ၄၉ ဦးနဲ့ နှိုင်းယှဉ်ရင် ၇၀၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ကြောင်း Save the Children အဖွဲ့က နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
လာမယ့်လတွေအတွင်း မုတ်သုံလေတိုက်နှုန်းကျဆင်းပြီး ပင်လယ်ရေငြိမ်သက်လာတာနဲ့အမျှ လှေစီးဒုက္ခသည်တွေ စံချိန်တင် မြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလအတွင်း လှေသုံးစင်းရောက်ရှိလာခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့က အာချေးမြို့ကိုရောက်လာတဲ့ နောက်ဆုံးရောက်လာတဲ့ လှေမှာ ကလေး ခုနှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၉၀ ဦး လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေ လှေနဲ့ထွက်ခွာလာတဲ့အကြောင်းရင်းထဲက တစ်ခုက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာကြောင့်လို့ ဆိုပါတယ်။ Save the Children က အခုနှစ်အစောပိုင်းက ဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာ သူတို့က ပြန်ပေးဆွဲမှုနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ကလေးစုဆောင်းမှုတွေကို ကြောက်ရွံ့နေကြကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်း အစိုးရတွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်လှေတွေကို ဘေးကင်းစွာ ဆိုက်ကပ်ခွင့်ပေးဖို့ လိုအပ်တယ်လို့ အဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာရှဌာနမှူး Sultana Begum က ပြောပါတယ်။