၂၀၁၄ အာဆီယံလူထုဖိုရမ်အတွက် အရပ်ဖက်အဖွဲ့တွေပြင်ဆင်
2013.12.28

လာမယ့် ၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံမှာပြုလုပ်မယ့် အာဆီယံ အရပ်ဖက်အဖွဲ့အစည်းများ ညီလာခံနဲ့ အာဆီယံလူထုဖိုရမ်မှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးစတဲ့ ခေါင်း စဉ်တွေ အောက်ကနေ မြန်မာနိုင်ငံက အရပ်ဖက် လူမှုဖွဲ့အစည်းတွေ ဝင်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အစိုးရအဖွဲ့က အကြီးအကဲတွေနဲ့ ပညာရှင်တွေတက်ရောက် ပြီး မြန်မာပြည်သူ့ဖိုရမ် ဆွေးနွေးပွဲ ကျင်းပနေတာပါ။
အဲဒီဖိုရမ်မှာ တက်ရောက်နေတဲ့ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက် က မြန်မာနိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ပြင်ဆင်မှုအကြောင်း အခုလို ပြောပါတယ်။
"အရေးကြီးတာက၂ဝ၁၄ ရဲ့ အဓိကကျတာက နိုင်ငံတော်သမ္မတကြီးဟာ ဗမာပြည်ဟာ အာဆီယံဥက္ကဌဖြစ်မယ်၊ ဥက္ကဌဖြစ်တဲ့အခါမှာ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ နိုင်ငံအကြီးအကဲတွေ၊ မီဒီယာတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ ပညာရှင်နဲ့ လုပ်ငန်းရှင်တွေ အားလုံးပါဝင်မယ်၊ အခုလို ဖိုရမ်လုပ်ရတာ ပြည်သူ့အသံတွေကြားရတယ်၊ ဘာကြောင့်လဲဆိုတော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တကယ့်ကို ထဲထဲဝင်ဝင်လုပ်နေတဲ့လူတွေ ဖြစ်တယ်လေ၊ အဲဒါကို အခုလိုလာပြီးလုပ်တဲ့အတွက် အဆင်ပြေတာပေါ့၊ အရင်တုန်းက မကြားတဲ့အသံတွေ ကြားရမယ်၊ အရင်တုန်းက မဆွေးနွေးတာတွေ ဆွေးနွေးရမယ်"
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ် လာမယ့် ၂၀၁၄ ခုနှစ်ကစပြီး တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ အာဆီယံဖွဲ့ဝင်နိုင်ငံတွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း အရပ်ဖက်အဖွဲ့အစည်းများ ညီလာခံနဲ့ အာဆီယံလူထုဖိုရမ်ကို လာမယ့်၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပကြမှာ ဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။