ရေနံနဲ့ ရေနံထွက်ပစ္စည်း အခွန်အခတွေ ကောက်ယူတော့မယ်လို့ NUG ကြေညာ

2022.03.18
ရေနံနဲ့ ရေနံထွက်ပစ္စည်း အခွန်အခတွေ ကောက်ယူတော့မယ်လို့ NUG ကြေညာ မြိုင်မြို့နယ် အနောက်ပိုင်းက ရေနံတွင်းနဲ့ ရေနံလက်ယက်ကျင်းတွေ မီးလောင်နေတာကို ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ရေနံလုပ်ကွက်ငှားရမ်းခအပါအဝင် ရေနံထွက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ အခွန်အခတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကောက်ယူအသုံးပြုနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁၈ ရက်နေ့က ကြေညာချက်ထုတ်လိုက်ပါတယ်။

ကောက်ယူရရှိတဲ့အခွန်ငွေတွေကို ဒီတော်လှန်ရေးကာလမှာ စနစ်တကျ ပြန်လည် အသုံးပြုနိုင်အောင် ရည်ရွယ်ပြီး ဒီအမိန့်ထုတ်လိုက်တာလို့ NUG ရဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

“ရေနံလက်ယက်တွင်းတို့ ရေနံချက်လုပ်ငန်းနဲ့ဆိုင်တဲ့ နေရာတော်တော်များများက ကိုယ့်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပိုရှိနေတယ်၊ သူတို့အနေနဲ့ ဒါကို ကောက်ယူလို့ရအောင် စနစ်တစ်ခု ချပေးလိုက်တဲ့သဘောပဲ၊ ဘယ်လိုအခွန်နှုန်းနဲ့ ဘယ်လိုကောက်ရမယ် ဘယ်လိုလုပ်သင့်တယ် ဆိုတာကို တို့ဌာနကနေ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ကာကွယ်ရေးအဖွဲ့တွေကို ချပေးလိုက်ပြီးတော့ သူတို့အနေနဲ့ စနစ်တကျလုပ်စေချင်လို့ ဒီလိုအမိန့်ကို ထုတ်လိုက်တာပါ။ ဒီငွေတွေကိုလည်း တော်လှန်ရေးအတွက်ရော ဒီနိုင်ငံ၊ ဒီမြို့နယ် ဒီဒေသတွေ ကောင်းမွန်ဖို့အတွက် အကျိုးရှိအောင် သုံးနိုင်မယ်ဆိုတဲ့ ဒီရည်မှန်းချက်အတိုင်း လုပ်တာပါ။”

ရေနံလုပ်ကွက်မြေငှားခ၊ ရေနံထွက်ပစ္စည်း သယ်ယူခွင့်၊ ချက်လုပ်ခွင့်နဲ့ပတ်သက်တဲ့ အခွန်အခတွေကို NUG လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ၂ဝ၂၁ ခုနှစ် ဇူလိုင်လကစပြီး လွတ်ကင်းခွင့်ပြုခဲ့တာပါ။

အဲဒီကနေ ရရှိတဲ့ အခွန်အခတွေ စစ်ကောင်စီဆီ မရောက်အောင်ဆိုပြီး ကင်းလွတ်ခွင့် ပေးခဲ့ရာကနေ ရေနံတွင်းတွေ အများဆုံးရှိတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အခု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အားကောင်းလာပြီဖြစ်တာကြောင့် ပြန်လည်ကောက်ယူဖို့ ဆုံးဖြတ်လိုက်တာလို့ ဝန်ကြီး ဦးစိုးသူရထွန်း က ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒီနှစ် ဇန်နဝါရီလကုန်လောက်မှာ မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာရှိတဲ့ ရေနံလုပ်ကွက်ပိုင်ရှင်တွေဆီကနေ ငွေကြေးကောက်ယူပြီး ငွေမပေးတဲ့လုပ်ကွက်တွေကို မီးရှို့တာတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။