အိန္ဒိယဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော် မြန်မာဘက်ပြန်ပို့
2024.01.03

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၅၁ ဦး ဇန်နဝါရီ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ ပြန်ပို့ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယ - မြန်မာနယ်စပ် ပလက်ဝမြို့နယ်အနီးက စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ (AA) က စတင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း အဲဒီစခန်းမှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေ အိန္ဒိယဘက် ထွက်ပြေးခဲ့တာပါ။
သူတို့ဟာ ဒီဇင်ဘာ၂၉ ရက်မှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် Tuisentlang ရွာက အာသံရိုင်ဖယ်တပ်ဖွဲ့ထံ ခိုလှုံလာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီဇိုရမ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က လောင်တလိုင်က အာသံတပ်ဆီမှာ လက်နက်ချတာ။ အဲကနေ လုံးလေကတစ်ဆင့် အိုက်ဇောကို ပို့တာ။ မနေ့က လေယာဉ်ဖြတ်ပျံသွားတာ တွေ့လိုက်တယ်။ မြန်မာ လေယာဉ်ပဲ၊ စစ်သား လာခေါ်တာနေမှာ။ နှစ်ခါ ခွဲသယ်သွားတာထင်တယ်။ ၁၅၀ ကျော်ဆိုတော့ နှစ်ခေါက်တွေ့လိုက်တယ်”
အဲဒီအဖွဲ့ကို မီဇိုရမ်ပြည်နယ်၊ လုံးလေ (Lunglei) မြို့ကတစ်ဆင့် အိုက်ဇောမြို့ထံ အိန္ဒိယရဲတပ်ဖွဲ့က ပို့ဆောင်ခဲ့ပြီး အိုက်ဇောမြို့မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေပြီးတာနဲ့ စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးမယ်လို့ အိန္ဒိယကာကွယ်ရေး ဌာနဘက်က ထုတ်ပြန်ခဲ့ကြောင်းလည်း အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
မီဇိုရမ်မှာရှိတဲ့ Lengpui လေဆိပ်ကိုလည်း မြန်မာလေကြောင်းလိုင်းက လေယာဥ်တစ်စင်း ဆင်းသက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေကို အဲဒီကနေတစ်ဆင့် စစ်တွေမြို့ထံ ပြန်လည်ခေါ်ဆောင်သွားမယ်လို့လည်း အိန္ဒိယသတင်းတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၅၁ ဦးထဲမှာ ဒဏ်ရာရသူ ကိုးဦးရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ကိုလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိုးရေးမြို့ကတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့ကို လွဲပြောင်းပေးခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင် လေးဆယ်ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အိန္ဒိယဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။