မြန်မာ့ အင်တာနက် လွတ်လပ်မှုအဆင့် ကျဆင်း
2015.10.28
ကွန်ပျူတာ အင်တာနက် ဆက်သွယ်ရေး ထွန်းကားကျယ်ပြန့်လာနေတဲ့ ဒီနေ့ ကမ္ဘာရဲ့ အင်တာနက် လွတ်လပ်ခွင့် ကျဆင်းလာနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့် အခြေအနေဟာ ဒီနှစ်အတွင်း ပိုပြီးကျဆင်းသွားခဲ့တယ်လို့ နိုင်ငံတွေရဲ့ လွတ်လပ်ခွင့် အခြေအနေတွေကို နှစ်စဉ်လေ့လာတိုင်းတာနေတဲ့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ စတင်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကစပြီး ကွန်ပျူတာ အင်တာနက်နဲ့ လက်ကိုင်ဖုန်းတွေ သုံးစွဲသူပိုမိုများပြားလာခဲ့ပေမဲ့ အင်တာနက် လွတ်လပ်ခွင့်ကတော့ ဒီနှစ်အတွင်း ပိုပြီးနိမ့်ကျ သွားခဲ့တယ်လို့ Freedom House အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ ၂ဝ၁၅ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှု အနေအထားကို တစိတ်တပိုင်း လွတ်လပ်မှု ရှိတဲ့အဆင့်အဖြစ် Freedom House က သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူတိုင်း အင်တာနက် သုံးစွဲနိုင်တဲ့ အခြေအနေမရှိသေးတာ၊ အင်တာနက် သုံးစွဲသူတွေအပေါ် နိုင်ငံရေးအရ အကန့်အသတ်တွေနဲ့ ချုပ်ခြယ်တားဆီးတာတွေအပြင်၊ ဥပဒေတွေ ထုတ်ပြန်ပြီး ရာဇဝတ်မှုနဲ့ အရေးယူတာတွေပါ ပေါ်ပေါက်လာတဲ့ အတွက် တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိတဲ့ အဆင့်ကနေ ဒီနှစ်မှာ လွတ်လပ်ခွင့် မရှိတဲ့အဆင့်ကို ကျဆင်းသွား ခဲ့တာဖြစ်ပါတယ်။
အရင်ကထက်စာရင် လက်ကိုင်ဖုန်းသုံးစွဲသူ ပိုများလာနေပြီး၊ အင်တာနက် အသုံးများလာပေမဲ့ နိုင်ငံရဲ့ ဆက်သွယ်ရေး အခြေအနေက အတော်နိမ့်ကျနေသေးတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အင်တာနက်မှာ နိုင်ငံရေး ဆိုင်ရာကိစ္စတွေ၊ အစိုးရကို ဝေဖန်တာတွေအပေါ် ဥပဒေထုတ်ပြန် တားဆီး အရေးယူတာတွေ ရှိလာနေတယ် လို့လည်း ဖေါ်ပြပါတယ်။
Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံက အင်တာနက်လွတ်လပ်ခွင့် အဆင့်တွေကို တိုင်းတာဖေါ်ပြထားရာမှာ ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာအပါအဝင် နိုင်ငံ ၃၂ နိုင်ငံမှာ အဆင့်ကျဆင်းလာခဲ့ပြီး၊ အဲ့ဒီထဲမှာ တရုတ်ပြည်က အောက်ဆုံးမှာရှိနေပါတယ်။