ကမ္ဘာ့ပဋိပက္ခ ညွှန်းကိန်းမှာ မြန်မာနိုင်ငံ အဆင့် ၂ ရပ်တည်

RFA Burmese
2024.08.07
ကမ္ဘာ့ပဋိပက္ခ ညွှန်းကိန်းမှာ မြန်မာနိုင်ငံ အဆင့် ၂ ရပ်တည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံများကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထုတ်ပြန်ထားစဉ်။
Telegram/ PSLF/TNLA News

၂၀၂၄ ခုနှစ် ပထမခြောက်လတာအတွက် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၂ မှာ ရှိနေတယ်လို့ စစ်မြေပြင်သတင်းအချက်အလက်တွေကိုလေလာစောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့Armed Conflict Location & Event Data Project (ACLED) က ဩဂုတ်လ ၆ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်း အမြောက်အမြားရှိနေတဲ့ မြန်မာနိုင်ငံဟာ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပဋိပက္ခညွှန်းကိန်းကို လူသေဆုံးမှု၊ အရပ်သားတွေအပေါ် ကျရောက်တဲ့အန္တရာယ်၊ ပဋိပက္ခပြန့်ပွားမှုနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများပြားမှုတွေအပေါ် မူတည်ပြီး ACLED က ခြောက်လတစ်ကြိမ် နိုင်ငံတိုင်းရဲ့ အဆင့်တွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံဟာ လူသေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃၊ အရပ်သား ပြည်သူတွေအတွက် အန္တရာယ်အများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၄၊ ပဋိပက္ခဖြစ်ပွားမှု အကျယ်ပြန့်ဆုံးမှာ အဆင့် ၉ နဲ့ ပဋိပက္ခဖြစ်ပွားတဲ့အဖွဲ့အစည်းအများဆုံးရှိတဲ့နေရာမှာ အဆင့် ၁ အသီးသီးသတ်မှတ်ခံထားရပါတယ်။

မြန်မာနိုင်ငံအတွက် ဒီသတ်မှတ်ချက်လေးခုဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက အဆင့်သတ်မှတ်ချက်တွေနဲ့ တူညီခဲ့ပေမယ့် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းသတ်မှတ်ချက်မှာတော့ အဆင့် ၁ က အဆင့် ၂ ကို တစ်ဆင့်လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားမှုတွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂၃ သန်းခန့်အပေါ် သက်ရောက်မှုရှိနေတယ်လို့လည်း ဖော်ပြပါတယ်။

နောက်ထပ်ခြောက်လအတွက် ခန်းမှန်းချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာ ပေါက်ကွဲမှုနဲ့ အကြမ်းဖက်မှုဖြစ်ရပ်တွေ ၃ ရာခိုင်နှုန်းနဲ့ ၂၃ ရာခိုင်နှုန်းအသီးသီး တိုးလာနိုင်တယ်လို့ ACLED က ခန့်မှန်းထားပါတယ်။

အမေရိကန်အခြေစိုက် Armed Conflict Location & Event Data Project (ACLED) အဖွဲ့ဟာ လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ပဋိပက္ခဆိုင်ရာ အချက်အလက်တွေကို လေ့လာစုဆောင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။