ဂျပန်ရောက် မြန်မာတွေ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံ
တင်အောင်ခိုင်(ဝါရှင်တန် ဒီစီ)
2021.04.24
2021.04.24
ဂျပန်နိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးစုတွေက အမျိုးသားညီညွတ်ရေး အစိုးရ NUGကို ထောက်ခံပြီး စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းကို မနေ့က တိုကျိုမြို့မှာ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ မြန်မာနိင်ငံသားတွေနဲ့ အတူ ဂျပန်နိုင်ငံသားတွေပါဝင်ပြီး ဆန္ဒပြသူတွေကို လမ်းဘေးက ဂျပန်နိုင်ငံသားတွေက လက်သုံးချောင်းထောင်ပြီး အားပေးခဲ့ကြပါတယ်။
၂၀၂၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPHက ဧပြီလ ၁၆ရက်နေ့က အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကိုဖွဲ့စည်းလိုက်ပါတယ်။ NUG အစိုးရကို ပြည်တွင်းက ပြည်သူတွေက ထောက်ခံကြိုဆိုနေကြသလို နိုင်ငံတကာရောက်မြန်မာတွေကလည်း ကြိုဆိုကြပါတယ်။
ဧပြီလ ၂၄ရက်နေ့ကတော့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေက NUGကို ကြိုဆိုကြောင်း လမ်းလျှောက်ပွဲနဲ့ ထောက်ခံကြိုဆိုပွဲကို တိုကျိုမြို့မှာ ပြုလုပ်ပါတယ်။ ပထမဆုံး ထောက်ခံကြိုဆိုပွဲ ပြုလုပ် ခဲ့ပါတယ်။ ဒီပွဲကို ဂျပန်အောက်လွှတ်တော်အမတ် Mr Machihiro Ishibashi တက်ရောက်ပြီး မြန်မာ နိုင်ငံသားများနှင့် ဂျပန်နိုင်ငံသားများပါ တက်ရောက်ပါတယ်။ ဒီအခန်းအနားပြီးသွားချိန်မှာ ထောက်ခံ လမ်းလျှောက်ပွဲကိုလည်း ပြုလုပ်ခဲ့တာပါ။ ရခိုင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးလှအေးမောင်က NUG အစိုးရကို ထောက်ခံကြောင်း ခုလိုပြောပါတယ်။
“တကယ်က အာဏာသိမ်း စစ်ကောင်စီက တရားမှမဝင်တာ ဒီတော့ NUGကို ထောက်ခံကို ထောက်ခံ ရမယ်။ ရခိုင်မှာ ဖြစ်တဲ့စစ်ပွဲတွေမှာ စစ်တပ်ကသတ်လို့ ကလေးတွေ အပါအဝင်အရပ်သား သုံးရာကျော် သေရပါတယ်။ အခုအာဏာသိမ်းတာ သုံးလတောင်မကြာသေးဘူး ရန်ကုန်မြို့ကြီဟာ စစ်မြေပြင်လိုဖြစ်ပြီး လူ၇၀၀ကျော်သေခဲ့ရပါပြီ”
ဦးလှအေးမောင် ပြောသွားတာပါ လမ်းလျှောက်ပွဲမှာ လမ်းတစ်လျှောက်တွေ့ရတဲ့ ဂျပန်နိုင်ငံသားတွေကလည်း လက်ညှိုးသုံးချောင်းထောင်ပြီး မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံ ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး နေ့ကလည်း ဂျပန်နိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူတွေဟာ ဂျပန်နိုင်ငံ အလုပ်သမား အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနဲ့ သွားရောက်တွေ့ဆုံပြီး ဂျပန်အစိုးရအနေနဲ့ NUGအစိုးရကို ထောက်ခံဖို့ CDM ဝင်ရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို ထောက်ပံ့ဖို့ လူသားချင်းစာနာထောက်ထားတဲ့ အထောက်အကူများ ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဂျပန်အလုပ်သမားအဖွဲ့ချုပ်ဟာ အဖွဲ့ဝင် ခုနစ်သန်းနီးပါးရှိပြီး လွတ်တော်အမတ် ၆၀%ဟာ ဒီအဖွဲ့ရဲ့ထောက်ခံမှုနဲ့ ရပ်တည်နေတာမို့ ဂျပန်နိုင်ငံမှာနိုင်ငံရေး သြဇာကြီးမားတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။