ထိုင်းမှာ မြန်မာအလုပ်သမား ၁၅၃ ဦး အဖမ်းခံရပြီး အမျိုးသမီး ၁ဝ ဦး ဘေးမဲ့တောမှာ စွန့်ပစ်ခံရ

မြန်မာနိုင်ငံထဲကနေ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၅၃ ဦးကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့နယ်ထဲမှာ မနေ့က ဖမ်းဆီးမိခဲ့တယ်လို့ Migrant Times မီဒီယာရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကန်ချနဘူရီခရိုင်ထဲက သတင်းသမားတွေရဲ့ သတင်းပေးပို့မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး မြန်မာအလုပ်သမား အမျိုးသား အယောက် ၈၀ ဦး၊ အမျိုးသမီး ၇၀ ဦး နဲ့ ဦးဆောင်သူ ၃ ဦးကို ကား ၃ စီးနဲ့ အတူ ကန်ချနဘူရီခရိုင်၊ မြို့နယ် (၃) မြို့နယ်ထဲက နေရာ ၈ နေရာမှာ ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကနဦး စစ်ဆေးတွေ့ရှိချက်အရ အလုပ်သမားအားလုံးဟာ ကျန်းမာရေး ပုံမှန်အတိုင်းရှိပြီး သူတို့ဟာ ထားဝယ်၊ ပဲခူး၊ ရခိုင်၊ မော်လမြိုင်နဲ့ ရန်ကုန်မြို့တွေက ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြဖို့အတွက် တစ်ဦးကို ဘတ် ၁၆,၀၀၀ ကနေ ၂၂,၀၀၀ အထိ ပွဲစားခ ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မနေ့က ည (၉) နာရီလောက်မှာလည်း ကန်ချနဘူရီခရိုင် Salakpra တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တာဝန်ရှိသူ တစ်ယောက် ကင်းလှည့် စစ်ဆေးချိန်မှာ လမ်းဘေးက ခြုံတောထဲမှာ စွန့်ပစ်ထားခဲ့တဲ့ မြန်မာအမျိုးသမီး ၁၀ ဦး ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအတိုင်း တရားစွဲဆိုဖို့နဲ့ နေရပ်ပြန်လည်ပို့ဆောင်ဖို့အတွက် သက်ဆိုင်ရာ ရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။