အလုပ်လုပ်ခွင့် သက်တမ်းတိုးပို့ ထိုင်း သတိပေး
2016.07.14

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် သက်တမ်းတိုးဖို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့ နောက်ဆုံးထားသက်တမ်းတိုးကြဖို့ ကြေညာထားပေ မယ့် မြန်မာ အလုပ်သမားတွေအနေနဲ့ အခက်အခဲရှိနေတယ်လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေ သူတွေက ပြောပါတယ်။
အချို့အလုပ်သမားတွေဟာ ခရီးလွန်နေပြီး အချို့က သက်တမ်းတိုးဖို့ ငွေကြေးအခက်ခဲရှိတာကြောင့် သက်တမ်း တိုးချိန် နောက်ထပ်တစ်လ သြဂုတ်လအထိ ထပ်တိုးပေးဖို့ ခွင့်တောင်းထားခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။
"အလုပ်သမားတွေက နယ်လွန်နေတာရှိတယ်၊ နောက်တစ်ခု တချို့အလုပ်ရှင် မရှိသေးတာပေါ့၊ အဲ့သက်တမ်းတိုး လို့ရှိရင် အလုပ်ရှင်ရှိရမယ်၊ တချို့အလုပ်သမားတွေအနေနဲ့ မှတ်ပုံတင်ဖို့ စရိတ်က နည်းနည်းလေးများတော့ အဲ့ဒါ သူတို့မတတ်နိုင်တာရှိတယ်၊ အဲ့အပေါ်မှာ မူတည်ပြီးတော့ တချို့အလုပ် သမားတွေက မတိုးဘဲနဲ့ နေကြတာ မျိုးတွေ တွေ့ရတယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ ရက်ကို တိုးပေးသင့်တယ်လို့ တောင်းဆိုတာ၊ နောက်တစ်ခုက သက်တမ်းမတိုးဘဲနဲ့ တရားမဝင်လုပ်တဲ့ အလုပ်သမားတွေကို လက်ခံတဲ့သူဌေးတွေကိုပါ စစ်ဆေးအရေးယူမယ် အထိ အဲ့လိုမျိုးဆုံးဖြတ် တာတွေရှိပါတယ်၊ ပြောချင်တာက တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုများ လာမယ်၊ အလုပ်လက်မဲ့တွေ ပိုဖြစ်လာမယ်"
ထိုင်းနိုင်ငံ အလုပ်သမားရေးဝန်ကြီးဌာနက ပန်းရောင်ကတ်သက်တမ်းတိုးဖို့ သတ်မှတ်ထားတဲ့ ဇူလိုင် ၂၉ ရက်နေ့ကျော်ရင်တော့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာမျိုးတွေလုပ်မှာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အလုပ် သမားတွေကို မြန်မာနယ်စပ်မြို့တွေဆီ ပြန်ပို့ခံရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် တရားမဝင် အလုပ်သမားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေကိုတော့ ဘတ်ငွေ တစ်သိန်းအထိ ငွေဒဏ် ချမှတ်ခံရနိုင်တဲ့အတွက် ပန်းရောင်ကတ်မရှိတဲ့ အလုပ်သမားတွေကို အလုပ်မခန့်တော့တာမျိုးတွေ ဖြစ်လာမယ်လို့ လည်း ပြောပါတယ်။
ပန်းရောင်ကတ် သက်တမ်းတိုးဖို့အတွက် ဘတ်ငွေ ၃ ထောင်လောက် ကုန်ကျပေမယ့် တချို့အလုပ်သမားတွေဟာ အလုပ်ရှင်အတုနဲ့လုပ်ရတဲ့ အခက်ခဲတွေကြောင့် ပွဲစားတွေနဲ့လုပ်မယ်ဆိုရင် ဘတ်ငွေ ၅ ထောင်လောက်အထိ ကုန်ကျနိုင်တယ်လို့ ပြောပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာ ပန်းရောင်ကတ် သတ်တမ်းတိုးထားပြီးတဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနိုင်ငံတွေက အလုပ်သမားပေါင်း ၈ သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။