ပန်းရောင်ကတ်နဲ့ နိုင်ငံတွင်း နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရကို NUG တောင်းဆို

RFA Burmese
2024.07.19
ပန်းရောင်ကတ်နဲ့ နိုင်ငံတွင်း နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရကို NUG တောင်းဆို ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသည့် CI Center တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။
Hazel.com Bangkok Services Photo

ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့်အထောက်အထားရှိသူတွေကို ထိုင်းနိုင်ငံတွင်း လွတ်လပ်စွာ သွားလာနေထိုင် အလုပ်လုပ်ခွင့်ပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

NUG အလုပ်သမားဝန်ကြီးဌာနက ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အချက် ငါးချက်ပါတဲ့ သဘောထားကြေညာချက်တစ်စောင်ကို ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်မားတွေအတွက် ပန်းရောင်ကတ်ထုတ်ပေးမယ့် အစီအစဥ်ကို အမြန်စတင်ဖို့၊ စစ်ကောင်စီရဲ့ သက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေကို ခွင့်မပြုဖို့၊ CI စာအုပ် မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ မူဝါဒကိုလည်း ပြန်လည်သုံးသပ်ပေးဖို့၊ စစ်ကောင်စီသတ်မှတ်ထားတဲ့ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကနေ ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲရမယ်ဆိုတဲ့ ဖိအားပေးအကျပ်ကိုင်နေတဲ့ လုပ်ရပ်ကို တားမြစ်ပေးဖို့နဲ့ သက်တမ်းကုန် နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ ထိုင်းရောက်မြန်မာတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ဇီဇာ သက်တမ်းတိုးပေးပြီး ကာလသတ်မှတ်ချက်တစ်ခုထိ နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ စတဲ့ အချက်တွေကို တောင်းဆိုလိုက်တာပါ။

အလားတူ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေကို တရားဝင် အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ရဖို့ နိုင်ငံကူးလက်မှတ်မလိုတဲ့ ပန်းရောင်ကတ်တစ်မျိုးတည်းသာ ထုတ်ပေးဖို့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေသူတွေကလည်း ထိုင်းအစိုးရကို တောင်းဆိုဖို့ စီစဉ်နေပါတယ်။

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ သက်သေခံ လက်မှတ် CI စာအုပ် လုပ်တဲ့အခါ စစ်ကောင်စီက နိုင်ငံသား စိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းအပါအဝင် အခြားအထောက်အထားတွေ ပြည့်စုံအောင် တင်ပြနိုင်မှ ထုတ်ပေးတာအပြင် အခွန် နှစ်ထပ် မကောက်ဖို့ဆိုတဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လစာကနေ ဝင်ငွေခွန်တွေ အဓမ္မကောက်နေတာတွေဟာ စစ်ကောင်စီက ဂုတ်သွေးစုတ် အမြတ်ထုတ်နေတာ ဖြစ်တယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေအပေါ် ဖိနှိပ်ပြီး အခြေခံအခွင့်အရေးတွေ ချိုးဖောက်‌နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထိုင်းအစိုးရ၊ လွှတ်တော်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် ထိုင်းပြည်သူတွေအနေနဲ့ ခွင့်မပြုဖို့လည်း တိုက်တွန်းထားပါတယ်။

NUG တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ RFA အနေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

CI စင်တာတွေမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ အောက်တိုဘာလ ၃၁ ရက်ထိ CI စာအုပ်ထုတ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကနဦး ကြေညာခဲ့ပေမဲ့ မြန်မာဘက်က တောင်းဆိုလို့ ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ စင်တာအားလုံးကို ပိတ်သိမ်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2024-07-20 03:30

လူရာမဝင်သူရာမဝင်တဲ့အဖွဲကများရာရာစစ😂😂😂