အလုပ်နိုင်ငံကူးလက်မှတ်နဲ့ သာသွားရမည်
2016.10.12

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကြမယ့် အလုပ်သမားတွေဟာ လာမယ့်နှစ်ကစပြီး Job Passport အလုပ်နိုင်ငံကူးလက်မှတ်နဲ့သာ သွားရောက်အလုပ်လုပ်ကိုင်ကြရမယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစပြီး စတင်အကောင်အထည်ဖော်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
"၂၀၁၇ ဇန်နဝါရီလကစမယ်၊ တချို့တွေကလည်း အလုပ်ခေါ်စာတွေနဲ့ အလုပ်သမားတွေကို Passport လုပ် ပေးတာနဲ့ တချို့တွေဟာ ပွင့်ပွင့်လင်းလင်းပြောရင် တချို့ကုမ္ပဏီတွေအနေနဲ့ ဒါမျိုးလေးတွေ လုပ်ထားပြီး သားလေးတွေရှိတော့ ကျွန်တော်တို့က ကြိုတင်ပြီးတော့ အသိပေးထား လိုက်တာပေါ့"
အလုပ်သမားအေဂျင်စီတွေကနေတဆင့် ခရီးသွား Passport နဲ့ စေလွှတ်လိုက်တဲ့အတွက် အလုပ်သမားတွေဟာ တစ်ဖက်နိုင်ငံတွေမှာ အလုပ်သမားလား၊ ခရီးသွားလားဆိုတာ ခွဲခြားဖို့ခက်ခဲသလို အလုပ်သမားတွေအနေ နဲ့ နေထိုင်ခွင့်သက်တမ်းတိုးတဲ့အခါ ဖမ်းဆီးခံနေရတာတွေရှိနေတဲ့အတွက် အခုလိုကြပ်မတ်ဆောင်ရွက်မှာဖြစ် တယ်လို့ ပြောပါတယ်။
အဲဒီညွှန်ကြားချက်ကို ပြည်တွင်းက အလုပ်သမားအေဂျင်စီ ၂၀၀ ကျော်ကို အကြောင်းကြားထားပြီး ဖြစ်သလို မလိုက်နာဘူးဆိုရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ပြောပါတယ်။
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေသူ စုစုပေါင်း လက်ရှိမှာ ၅ သန်းကျော် လောက်ရှိနေပြီး အများဆုံးက ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေ ကြတာဖြစ်ပါတယ်။