မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်တဲ့ စင်ကာပူအိမ်ရှင်ရဲ့မိခင် ထောင် ၁၄ နှစ်ချမှတ်ခံရ
2023.01.09

စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူတစ်ယောက်ကို အိမ်ရှင်ဖြစ်သူက အသက်သေဆုံးတဲ့အထိ နှိပ်စက်ခဲ့ရာမှာ ဝင်ပါတဲ့ အိမ်ရှင်ရဲ့မိခင်ဖြစ်သူကို ဒီနေ့ ထောင်ဒဏ် ၁၄ နှစ်ချမှတ်လိုက်ပါတယ်။
လက်နဲ့ရိုက်နှက်တာအပြင် နည်းပေါင်းစုံသုံးပြီး နှိပ်စက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အသက် ၆၄ နှစ်အရွယ် ပရီမာ နရေနာစမီ ဆိုတဲ့ အမျိုးသမီးကို ပြစ်ဒဏ်စီရင်လိုက်တာပါ။
နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့သူက အသက် ၂၄ နှစ်အရွယ် Piang Ngaih Don ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။ သူဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် ဒင်ပီရွာက ဖြစ်ပါတယ်။ သူ့ကိုနှိပ်စက်ထားလို့ မချိမဆန့် ခံစားနေရတဲ့မြင်ကွင်းကို CCTV မှတ်တမ်းတွေက သက်သေပြနေတယ်လို့ တရားရုံးက ဆိုပါတယ်။
သူဟာ ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်နေ့ကစလို့ အဲဒီအိမ်မှာ အလုပ်လုပ်ခဲ့ပြီး အဲဒီနှစ် အောက်တိုဘာလကနေ ၂၀၁၆ ခုနှစ် ဇူလိုင်လအထိ နေ့တိုင်းနီးပါး နှိပ်စက်ခံခဲ့ရပြီး အဲဒီဒဏ်တွေနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ် ဂေယာသီရိ မူရူဂါရမ် ဆိုတဲ့ အိမ်ရှင်အမျိုးသမီးကိုတော့ ၂၀၂၁ ခုနှစ်က ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းဟောင်းက ရဲအရာရှိဖြစ်ပါတယ်။ သူလည်း ဒီအမှုမှာ ပါဝင်ပတ်သက်လို့ အလုပ်ကနေ ရပ်နားခံထားရသလို အမှုစစ်ခံနေရပါတယ်။