စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ပြီလို့ UNOCHA ထုတ်ပြန်

2022.05.31
စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ပြီလို့ UNOCHA ထုတ်ပြန် ၂ဝ၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့က သံလွင်မြစ်ကို ဖြတ်ကူးပြီး ထိုင်းနယ်စပ်ကို ထွက်ပြေးရန် စောင့်ဆိုင်းနေကြသော ကရင်စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအပြင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့သူ ၄ဝ,၂ဝဝ ခန့်ရှိပြီး ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၁၂,၇ဝဝ ကျော်လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ပါရှိပါတယ်။

လက်ရှိအစီရင်ခံစာထုတ်တဲ့ ကာလအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြား တိုက်ပွဲတွေ ပိုပြင်းထန်လာသလို စစ်ပွဲရဲ့အကြွင်းအကျန် မြေမြှုပ်မိုင်းတွေအပါအဝင် ပေါက်ကွဲမှုတွေကြောင့် အရပ်သားတွေအပေါ် သက်ရောက်မှုဟာ ပိုဆိုးလာနေတယ်လို့ ရေးသားထားပါတယ်။

ဒါကြောင့် ထိခိုက်နစ်နာသူတွေကို ကာကွယ်ဖို့နဲ့ လုံခြုံပြီးဂုဏ်သိက္ခာရှိတဲ့ အခြေအနေမှာ ပြန်နေနိုင်အောင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ချက်ချင်းလိုအပ်နေတယ်လို့ UNOCHA က သတိပေးထားပါတယ်။

အခု ၂ဝ၂၂ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ လူသားချင်းစာနာမှုအကူအညီရည်မှန်းချက်ရဲ့ ၄၁ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၂.၆ သန်းအတွက် အကူအညီတွေပေးခဲ့တယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အစားအသောက်၊ လောင်စာဆီ၊ အမိုးအကာ ပစ္စည်းတွေနဲ့ အရေးပေါ်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေ ဖောင်းပွလာမှုဟာ လိုအပ်ချက်တွေကို ကူညီနေတဲ့ မိတ်ဖက်အဖွဲ့တွေအတွက် အဓိက စိုးရိမ်စရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဧပြီလကစပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ မိုးသည်ထန်စွာရွာသွန်းတာကြောင့် ဒုက္ခသည်တွေရဲ့ အမိုးအကာတွေပျက်စီးပြီး အခက်အခဲတွေ ထပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေရဲ့ ချက်ချင်းပြန်ဆောက်ဖို့လိုတဲ့ နေအိမ်အလုံး ၅၅ဝ ထဲက ၂၇ဝ အတွက် ရန်ပုံငွေ ထောက်ပံ့ပေးခဲ့ပေမယ့် ကျန်တဲ့အိမ်တွေ ပြုပြင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၂.၄ သန်း ကွာဟချက် ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်ဟာ ၂၀၂၂ ခုနှစ် ရန်ပုံငွေအတွက် ငါးလအတွင်း ၁ဝ ရာခိုင်နှုန်းသာ ထောက်ပံ့ပေးထားတာကြောင့် လက်ရှိလိုအပ်နေတဲ့အနေအထားနဲ့ယှဉ်ရင် ဒေါ်လာ သန်း ၇၄၀ လောက် ကွာဟချက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ ဒီနှစ်အတွက် ရန်ပုံငွေမတည်မှုတွေ ထောက်ပံမှုတွေဟာ အခုလိုကွာဟနေဦးမယ်ဆိုရင် မိုးတွင်းကာလမှာ သူတို့ရဲ့ထောက်ပံ့မှုတွေကို လျှော့ချဖို့ ဖြစ်လာနိုင်တယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။