မလေးရှားက လာမယ့်ရေယာဉ်ဟာ တရားမဝင်ဆိုရင် လက်မခံ


2016.12.28
malaysia-vessel-620.jpg မွတ်စလင်တွေကို အဝတ်အထည်တွေ လှူဒါန်းနေတာ တွေ့ရစဉ်
Photo: The Star Online

မလေးရှားနိုင်ငံကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က မွတ်စလင်တွေကို အကူအညီပေး မယ့် ရေယာဉ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ခွင့်တောင်းတာ မရှိသလို တရားမဝင် ဝင်ရောက်လာမယ် ဆိုရင်လည်း မြန်မာအစိုးရအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

မလေးရှားနိုင်ငံအခြေစိုက် The Star Online သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတဲ့ မလေးရှားနိုင်ငံက ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတေွကို သယ်ဆောင်လာမယ် ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ဦးဇော်ဌေး က ပြောတာ ဖြစ်ပါတယ်။

"အစ္စလာမ်မစ် ဘာသာရေးအဖွဲ့အစည်းကနေပြီးတော့ မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသံရုံး ကိုသော်လည်းကောင်း မြန်မာနိုင်ငံအစိုးရကိုသော်လည်းကောင်း တစုံတရာခွင့်ပြုချက်တောင်းခံထားတဲ့ သတင်းအချက်အလက် ကျနော်တို့မရဘူး။ အဲ့တော့ သူများနိုင်ငံပိုင်နက်ထဲမှာရှိတဲ့ နေရာတစ်ခုကို အခြားနိုင်ငံက ဘာသာရေးအဖွဲ့အစည်းက မိမိသဘောနဲ့မိမိ လုပ်ချင်တယ်ဆိုလုပ်လို့ရမလား။ ကျနော်တို့က မလေးရှား အစ္စလာမ်မစ် အဖွဲ့အစည်းကို ကျနော်တို့ပြန်မေးရမယ်။ မလေးရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေတစ်ခုခု အဲ့မှာရှိတဲ့ ဒေသတစ်ခုခုကို ကျနော်တို့က အဲ့လိုသွားလုပ်မယ်ဆိုရင် ဘယ်အစိုးရမှ လက်မခံဘူး။ မလေးရှားလည်း လက်မခံဘူး။"

အဲဒီရေယာဉ်ဟာ မလေးရှားနိုင်ငံကနေ လာမယ့်ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထွက်ခွာလာပြီး ၂ ပတ်ကြာတဲ့အခါ မလေးရှားကို ပြန်ရောက်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုရောက်တဲ့အခါ ကြုံတွေ့နိုင်တဲ့ အခြေအနေ ၃ ခုရှိပြီး ပထမအခြေအနေက အကူအညီတွေပေးခွင့်ရနိုင်ကြောင်း ၊ ဒုတိယအခြေ အနေက ပြန်ပို့ခံရနိုင်ကြောင်းနဲ့ တတိယအခြေအနေက လုံခြုံရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

ဦးဇော်ဌေးက မလေးရှားက ကူညီထောက်ပံ့ရေး ရေယာဉ်တွေဟာ မြန်မာအစိုးရရဲ့ တရားဝင် ခွင့်ပြုမှုကိုမရဘဲ ဝင်ရောက်လာမယ်ဆိုရင် သူတို့မျှော်မှန်းထားတဲ့ အချက်တွေထဲက ဒုတိယအချက်နဲ့ တတိယအချက်တွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။