မြန်မာပြည်အောက်ပိုင်း မိုးကြီးမှုကြောင့် လူ ၃၀၀၀ ခန့် ရေဘေးဒုက္ခကြုံနေ
2021.07.26
မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ ဇူလိုင် ၂၅ ရက် မနေ့ကစပြီး မိုးကြီးရေလျှံမှုကြောင့် လူဦးရေ ၃၀၀၀ ခန့် ရေဘေးဒုက္ခ ခံစားနေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
မွန်ပြည်နယ်ထဲက မော်လမြိုင်၊ ရေး၊ ကျိုက်မရောနဲ့ ချောင်းဆုံ၊ ကရင်ပြည်နယ်ထဲက လှိုင်းဘွဲ့နဲ့ တနင်္သာရီ တိုင်း လောင်းလုံးမြို့နယ်တွေမှာ မနေ့ကစပြီး မိုးကြီးရေလျှံမှုတွေကြောင့် လူ ၃၀၀၀ နီးပါး ရေဘေးဒုက္ခခံစား နေရပြီး သေဆုံးမှုတွေတော့ မရှိသေးဘူးလို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ဇူလိုင် ၂၅ ရက် မနေ့ညနေကတည်းက မိုးအပြင်းအထန်ရွာလို့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မနက်ပိုင်းမှာ ဒေါနတောင်တန်းပေါ်က တောင်ကျရေတွေဟာ လှိုင်းဘွဲ့မြို့ထဲကို ထိုးဆင်း လာပြီး ရပ်ကွက်အတော်များများ ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် အရပ်သား ၁၀၀ ကျော်ဟာ နီးစပ်တဲ့ဆွေးမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေဆီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ လှိုင်းဘွဲ့မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်၊ ရေး၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့တွေမှာလည်း ဇူလိုင် ၂၅ ရက်ကစပြီး သံလွင် မြစ်ရေတက်လာလို့ ကားလမ်းနဲ့ လူနေရပ်ကွက်တွေမှာ ရေကြီးရေလျှံဖြစ်နေပါတယ်။ ရေကြီးလို့ သွားလာ ရေးနဲ့ ချက်ပြုတ်စားသောက်ဖို့ ခက်နေတဲ့အပြင် ကိုဗစ်လူနာတွေအတွက် အသက်လုနေရတယ်လို့ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်မှာနေတဲ့ ဦးအန်နူးက ပြောပါတယ်။
“ကျွန်တော်တို့ အခုချိန်မှာ မိုးက အရမ်းကြီးနေတယ်။ ကား၊ ဆိုင်ကယ် ဘာမှသွားလို့မရဘူး။ ကားလမ်းမနဲ့ အိမ်နဲ့တပြေးတည်းဆိုတော့ ရေကြီးတော့ ရေဝင်တာပေါ့။ တစ်နေ့လုပ် တစ်နေ့စားသမားတွေကတော့ အတော်ဒုက္ခရောက်တယ်။ စားဖို့သောက်ဖို့ ဟိုလူကပေး ဒီလူကပေး အဲလိုပဲလုပ်နေကြရတာ။”
ရပ်ကွက်ထဲမှာလည်း COVID-19 ကြောင့် အောက်ဆီဂျင်ကျပြီး လူသေဆုံးမှုတွေ ခပ်စိတ်စိတ်ဖြစ်နေတဲ့ ကြားကပဲ COVID-19 ကူးစပ်ခံထားရတဲ့ အရပ်သားတွေဟာ ရေဝင်နေတဲ့ နေအိမ်တွေထဲမှာပဲ အသက်လု နေရတယ်လို့ သူကဆက်ပြောပါတယ်။
"ရေကြီးပြဿနာကလည်း COVID-19 ကို သွားပြီး အားပေးအားမြှောက် လုပ်လိုက်တဲ့ပုံစံမျိုးဖြစ်တယ်"
ကပ်ရောဂါ ကုသရေး၊ သေဆုံးသူတွေ မီးသင်္ဂြိုဟ်ရေးနဲ့ ရေဘေးကယ်ဆယ်ရေးတွေကို တပြိုင်တည်းလုပ်နေရ တာကြောင့် အသစ်ဖြစ်လာတဲ့ ရေဘေးဒုက္ခသည်တွေအတွက် စနစ်တကျစီစဥ်တာမျိုး မလုပ်နိုင်ဘူးလို့ ရာမညအရေးပေါ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးနေမျိုးအောင် က ပြောပါတယ်။
“တစ်မြို့နယ်လုံး ကုန်းပေါ်ကနေရာတွေပဲကျန်တာ။ အကုန်မြုပ်နေပြီ။ မနေ့ကတော့ ကျွန်တော်တို့ နိုင်သလောက်ကယ်တယ်။ ဒီနေ့အိမ်ခြေ ၆၀ လောက်အတွက် ထမင်းထုပ်ဝေနေတယ်။ လက်ရှိမှာ ရေတွေလည်း တက်နေတုန်းပဲ။ လောလောဆယ် ကယ်ဆယ်ရေးစခန်းလည်း မဖွင့်ရသေးဘူး။ သူတို့ ဒီအတိုင်းပဲ အိမ်မှာကပ်နေတယ်။ ချက်စားလို့မရဘူးပြောလို့ အခု အိမ်ခြေ ၆၀အတွက် ထမင်းထုပ် ၁၅၀ လောက် စီစဉ်နေတာ။ ကျွန်တော်တို့လည်း လက်ရှိဘာလုပ်ရမယ်ကို မသိဘူး။ အစိုးရ အစီအစဉ်က ဘယ်လိုရှိမှန်းလည်းမသိဘူး။ ကယ်ဆယ်ရေးသွားရမလား၊ COVID-19 နဲ့ သေတဲ့သူတွေ သင်္ဂြိုဟ်ရမလား၊ နောက်ကုသရေးတွေလည်းရှိတော့ အဲဒါကိုလုပ်ရမလား ကျွန်တော်တို့လည်း ဗျာများနေတယ်။”

ရေဘေးဒုက္ခထပ်ဖြစ်လာတဲ့အတွက် မူလကတည်းက ကိုဗစ်ရောဂါခံစားနေရသူတွေရဲ့ အခြေအနေကို ပိုဆိုး သွားစေနိုင်တယ်လို့ ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောပါတယ်။
“ရေကြီးတဲ့ပြဿနာက COVID-19 ကုသရေးပိုင်းကို ပိုပြီးတော့ ထိခိုက်သွားတာပေါ့။ အခုဆိုရင် Oxygen တွေ သယ်တာပို့တာ၊ လူနာတွေသယ်တာပို့တာ နောက်စက်ရုံတွေလည်ပတ်ဖို့ ဒါတွေ အများကြီး သက် ရောက်မှုရှိတယ်။ ဒါကြောင့်မို့ ဒီမိုးကြီး ရေကြီးပြဿနာကလည်း COVID-19 ကို သွားပြီး အားပေးအား မြှောက်လုပ်လိုက်တဲ့ပုံစံမျိုးဖြစ်တယ်။”
မွန်ပြည်နယ်အတွင်း ရေဘေးဒုက္ခကြုံနေရတဲ့ အရပ်သားတွေအတွက် အရေးပေါ်ညီထောက်ပံ့ရေး အစီ အစဉ်တွေနဲ့ ပတ်သက်လို့ RFA က မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ နိုင်လယိတမ ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ အုပ်ချုပ်ရေးအဖွဲ့ကိုပဲ မေးမြန်းပါလို့ဆိုပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းမှာ နှစ်စဉ် ဒီလိုအချိန်ဆို မိုးကြီးတတ်ပါတယ်။ သက်ဆိုင်ရာက ကြိုတင်ပြင်ဆင်ထား နိုင်မှ ဆုံးရှုံးထိခိုက်မှုတွေနည်းနိုင်တာပါ။ လောလောဆယ်တော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းတွေအတွင်း မိုးကြီးရေလျှံပြီး ကားလမ်းနဲ့ လူနေအိမ်တွေ ရေနစ်မြုပ်နေပေမယ့် ရေဘေးဒုက္ခသည် တွေအတွက် အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေ စနစ်တကျပြင်ဆင်ထားတာ မရှိသေးဘူးလို့လည်း ဒေသခံ တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။