မြန်မာနိုင်ငံမှာ အင်တာနက်မဖွင့်ဘဲ ဖေ့စ်ဘွတ်အခမဲ့ ကြည့်ခွင့်မရတော့
2018.05.02
မြန်မာနိုင်ငံသားတွေအတွက် ဖေ့စ်ဘွတ်စာမျက်နှာ အခမဲ့ကြည့်နိုင်တဲ့အစီအစဉ်ကို မနှစ်က အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။ အရင်ကဆိုရင် MPT တယ်လီဖုန်းလိုင်းရှိရင် အင်တာနက်လိုင်းပိတ်ထားလည်း ဖေ့စ်ဘွတ်ဖွင့်ကြည့် လို့ရအောင် Tech Crunch ကုမ္ပဏီက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အင်တာနက်လိုင်းဖွင့်မှပဲ ဖေ့စ်ဘွတ်သုံးလို့ ရနိုင်တော့တာဖြစ်ပါတယ်။
အဲဒီလို ဖေ့စ်ဘွတ်အခမဲ့သုံးလို့ရတော့မှာ မဟုတ်တဲ့အကြောင်းကို ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ ၉ ရက်ေန့မှာ MPT ကုမ္ပဏီက သူ့လိုင်းအသုံးပြုနေသူတွေကို တယ်လီဖုန်းတွေကနေ သတင်းတိုပေးပို့ခဲ့တာတွေရှိခဲ့ပါတယ်။
ဒီလိုရပ်လိုက်ရတာဟာ မြန်မာအစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ MPT ကုမ္ပဏီက အခမဲ့ဝန်ဆောင်မှုအားလုံး ရပ်ဆိုင်းမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ လုပ်ထုံးလုပ်နည်းဥပဒေတွေရဲ့ တစိပ်တဒေသဖြစ်တယ်လို့လည်းပြောပါတယ်။ MPT ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ တယ်လီဖုန်းလိုင်း ကုမ္ပဏီတွေကြားမှာ မျှတတဲ့ဈေးကွက်ပြိုင်ဆိုင်မှုရှိစေလိုတဲ့အတွက်လို့ ဆိုပါတယ်။
အင်တာနက်မဖွင့်ပဲ ဖေ့စ်ဘွတ်အခမဲ့ပေးသုံးတာကို မြန်မာနိုင်ငံအပါအဝင်၊ ဘိုလီဗီးယား၊ ပါပူဝါနယူးဂီနီ၊ ကွန်ဂို၊ အယ်လ်ဆာဗေးဒိုး စတဲ့ဖွံ့ဖြိုးဆဲ ၆ နိုင်ငံလောက်မှာ ရပ်ဆိုင်းလိုက်တာပါ။
ဒါပေမဲ့ ဖေ့စ်ဘွတ်ကုမ္ပဏီက Internet.org ဆိုတဲ့စီမံကိန်းတခုရေးပြီး ဖွံ့ဖြိုးဆဲတတိယနိုင်ငံကလူတွေ ဖေ့စ်ဘွတ်အခမဲ့သုံးနိုင်အောင် ဆက်ပြီးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီနည်းပညာက နေရာတိုင်း သုံးလို့ရတဲ့အခြေအနေ မရောက်သေးပါဘူး။
အခုဆိုရင် နိုင်ငံပေါင်း ၅၀ ကျော်က တယ်လီဖုန်းလိုင်းကုမ္ပဏီပေါင်း ၈၁ ခုနဲ့ ဆက်ပြီးပူးပေါင်းဆောင်ရွက်နေတဲ့ အတွက် အဲဒီနိုင်ငံတွေမှာတော့ အင်တာနက်ဖိုးမကုန်ဘဲ ဖေ့စ်ဘွတ်ကို အခမဲ့ဆက်ပြီးကြည့်နိုင်တယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက ဆိုပါတယ်။