မြန်အောင်မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ လူနှစ်ဆယ်ခန့် ဖမ်းဆီးဒဏ်ရိုက်ခံရ

RFA Burmese
2024.06.14
မြန်အောင်မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ လူနှစ်ဆယ်ခန့် ဖမ်းဆီးဒဏ်ရိုက်ခံရ မြန်အောင်မြို့ နေခြည်စျေးအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
မြန်အောင်မြို့နယ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသတင်းစုံ

ဧရာ၀တီတိုင်း မြန်အောင်မြို့ နေခြည်ဈေး အပါအဝင် လူစည်ကားရာ လမ်းဆုံးလမ်းခွနေရာတွေမှာ ဇွန်လ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေနဲ့ ဈေးသူ၊ ဈေးသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်နဲ့ ပူပေါင်းအဖွဲ့တွေက စစ်ဆေးခဲ့ပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေ့ရှိသူ လူနှစ်ဆယ်ခန့်ကို ဖမ်းဆီးဒဏ်ရိုက်ခဲ့တယ်လို့ မြန်အောင် မြို့ခံတွေက ပြောပါတယ်။

လက်ကိုင်းဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့ရှိသူ လူနှစ်ဆယ်ခန့်ကို မြို့နယ်စည်ပင်သာယာရုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူတစ်ဦးကို ငွေတစ်သိန်းနှုန်း ဒဏ်ငွေပေးဆောင်စေခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူနှစ်ဆယ်ထဲက နေခြည်ဈေးမှာဖွင့်ထားတဲ့ ဦးတင်မြင့် စတိုးဆိုင်က ဆိုင်ပိုင်ရှင် အမျိုးသမီးနှစ်ဦးကိုတော့ မြန်အောင် မြို့မရဲခစန်းအထိ ဖမ်းခေါ်သွားပြီး ညပိုင်းရောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ မြန်အောင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ဖမ်းတာ စစ်တပ်လည်းပါတယ်၊ ရဲလည်း ပါတယ်။ ဖုန်းထဲမှာ အသုံးပြုနေတဲ့ VPN ကို လာပြီးတော့ ရှာတာပေါ့နော်။ ရှာတဲ့အခါမျိုးမှာ အယောက် နှစ်ဆယ်ဝန်းကျင်လောက်ကို တွေ့တယ်။ သူတို့ကို စည်ပင်ရုံးကိုခေါ်တယ်။ ခေါ်လည်းပြီးရော တစ်ဦးကို ဒဏ်ငွေကျပ်တစ်သိန်းနဲ့ပေါ့နော် ဒဏ်ရိုက်တယ်ပေါ့။ ဦးတင်မြင့် စတိုးက အဖမ်းခံရတဲ့ ညီအစ်မတွေက ရဲစခန်းအထိ ခေါ်သွားတာ။ သူတို့ကိုတော့ ဘယ်လောက်ဒဏ်ရိုက်တယ်ဆိုတာ မသိရဘူး။ ညမှောင်မှ ပြန်လွတ်လာတယ်”

ဇွန်လ ၁၀ ရက်နေ့ကလည်း ဧရာ၀တီတိုင်း မော်လမြိုင်ကျွန်းမြို့မှာ လက်ကိုင်ဖုန်းအတွင်း VPN ဆော့ဖ်ဝဲ အသုံးပြုသူ ဒေသခံ ငါးဦးခန့်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး ငွေကျပ်သုံးသိန်းကနေ လေးသိန်းအထိ ဒဏ်ရိုက်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ဧရာ၀တီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီမနက်မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို ယူဆောင်စစ်ဆေးပြီး VPN ဆော့ဝဲလ်တွေတွေ့ရင် ခြိမ်းခြောက်ငွေတောင်းယူတာ၊ ဒီဆော့ဝဲလ်တွေ ထပ်မံအသုံးမပြုဖို့ တားမြစ်တာတွေ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြင်ဆင်ရေးဆွဲနေပြီး အဲဒီအထဲမှာ ခွင့်ပြုချက်မရဘဲ VPN သုံးရင် ထောင်သုံးနှစ်၊ ငွေဒဏ် ကျပ်သိန်းငါးဆယ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးချနိုင်တဲ့ ဥပဒေပုဒ်မတွေ ပါဝင်လာခဲ့ပါတယ်။

ဒါပေမဲ့ ဥပဒေအတည်မပြုရသေးခင်မှာပဲ အောက်ခြေတပ်သားတွေက ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေ တောင်းတာတွေ လုပ်ဆောင်လာတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။