မြန်မာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထောက်ပံ့ဖို့ အင်အားကြီး ၄ နိုင်ငံ ကတိပြု

RFA Burmese
2025.04.04
မြန်မာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထောက်ပံ့ဖို့ အင်အားကြီး ၄ နိုင်ငံ ကတိပြု ဂျပန်နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya, အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar, အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ဩစတေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong တို့ကို ဝါရှင်တန်ဒီစီက ဆွေးနွေးပွဲတခုမှာ ဇန်နဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: AP
AP

မြန်မာအလယ်ပိုင်းကို ဗဟိုပြုပြီး မတ်လ ၂၈ က လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာ နဲ့ ထိုင်းနိုင်ငံက ပြည်သူတွေအတွက် များစွာစာနာဝမ်းနည်းမိကြောင်း The Quad လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဩစတေးလျ၊ အိန္ဒိယ နဲ့ ဂျပန် အင်အားကြီး လေးနိုင်ငံ က ဧပြီ ၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ ဆိုးရွားပြီးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ထိခိုက်၊ သေဆုံး မှုတွေနဲ့ အခြေခံအဆောက်အအုံတွေ ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုတွေက လက်ရှိ လူသားချင်းဆိုင်ရာ ဒုက္ခတွေကို ပိုမိုဆိုးဝါးစေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

လတ်တလော ပေါ်ထွက်လာခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အချိန်မီ ပေးပို့ရေး အစီအစဉ်တွေကို ကြိုဆိုကြောင်း၊ ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ နဲ့ မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ပေးဖို့ အဖွဲ့အားလုံးကို တောင်းဆိုကြောင်းလည်း ပါရှိပါတယ်။

မတ်လ ၂၉ နဲ့ ၃၀ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်တွေ နဲ့ ဒေသတွင်း တခြားနိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုတွေကိုလည်း The Quad က ကြိုဆိုပါတယ်လို့လည်း ဆိုပါတယ်။

မိမိတို့ လေးနိုင်ငံ အနေနဲ့ အခုအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ပမာဏ ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ကတိပြုခဲ့ပြီး ဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နေသလို အရေးပေါ်ဆေးဝါးကုသရေး အသင်းတွေ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာ ချထားပြီးပါပြီ လို့ ဆိုပါတယ်။

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ AHA Center အပါအဝင် အခြားမိတ်ဖက်တွေ နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်လို့လည်း ဆိုပါတယ်။

လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို ပစိဖိတ်ဒေသဖြစ်ပေါ်ရေးအတွက် သဘာဝဘေးအန္တရာယ်တွေ နဲ့ ဒေသတွင်း တည်ငြိမ် ရေး နဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေ တုံ့ပြန်ရေး လေးနိုင်ငံက အတူတကွပူးတွဲလုပ်ဆောင်ဖို့ ကတိပြုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။