တပတ်အတွင်း ထိုင်းနိုင်ငံထဲခိုးဝင်သူ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းမိ

လုဆိုင်း(ထိုင်းနိုင်ငံ)
2021.04.29
တပတ်အတွင်း ထိုင်းနိုင်ငံထဲခိုးဝင်သူ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းမိ ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်ပြည်နယ် စစ်ဆေးရေးဂိတ်က တာဝန်ကျ ထိုင်းစစ်သားတဦးကို တွေ့ရစဉ်။
Photo: AFP

ဧပြီလ ၂၀ ရက်နေ့ကနေ ၂၉ ရက်အတွင်း ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးမိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီက ပြောပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက ဧပြီလ ၂၉ ရက်နေ့မှာ ၇၂ ယောက်၊ ဧပြီလ ၂၇ ရက်နေ့က အယောက် ၆၀ ဖမ်းမိခဲ့ပါတယ်။ ဧပြီလ ၂၄ ရက်နေ့မှာ့ တနင်္သာရီတိုင်းဘက်ကနေ ခိုးဝင် လာသူ ၂၇ ယောက်နဲ့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မှာ ဖမ်းမိသူ ၇ ယောက်ရှိပါတယ်။ ဧပြီလ၂၀ ရက်နေ့ကတော့ တာခ့်ခရိုင် မဲဆောက်မြို့နယ် တောလမ်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးကို လမ်းပြ ထိုင်းနိုင်ငံသား တဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးမိသူတွေထဲက တဝက်လောက်ဟာ နှစ်နိုင်ငံသဘောတူညီမှု (MOU) စာချုပ်နဲ့ ထိုင်းနိုင်ငံထဲမှာ အလုပ် လုပ်ခဲ့သူတွေ ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ခိုးဝင်လာသူ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းအစိုးရက ထိုင်း-မြန်မာ နယ်စပ် ၇ နေရာမှာ ယာယီခိုလှုံစခန်း တည်ဆောက်ထားတယ်လို့ ဆိုပေမဲ့ အခုထိ ထိုင်းအစိုးရဘက်က လက်ခံတာ မရှိသေးဘူးလို့လည်း သူကပြောပါတယ်။

ပွဲစားကတဆင့် ထိုင်းနိုင်ငံထဲဝင်မယ်ဆိုရင် ထိုင်းနယ်စပ်ထိ ဆိုရင် ထိုင်းဘတ်ငွေ ၃ ထောင် ၅ ရာကနေ ၆ ထောင်ထိပေးရပြီး ဘန်ကောက်မြို့အထိဆိုရင် ၁ သောင်းခွဲထိ ပေးရတယ်လို့ ဆိုပါတယ်။

ခိုးဝင်လာသူတွေကို ထိုင်းနိုင်ငံရဲ့ ကိုဗစ်အရေးပေါ် ကာလစီမံချက် အက်ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်၊ ခိုးဝင်သူတွေကို လက်ခံထားရင် ထောင်ဒဏ် ၅ နှစ်ကျခံရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ခိုးဝင်သူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အရေးယူမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ် ၁ နှစ်မှ ၄ နှစ်အထိ ကျခံရနိုင်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ကနေ မယ်ဆိုင်၊ ကရင်ပြည်နယ် မြဝတီကနေ မဲဆောက်မြို့၊ မွန်ပြည်နယ် ဘုရားသုံးဆူကနေ ကန်ချနဘူရီ စတဲ့ နယ်စပ်တွေကနေ ထိုင်းနိုင်ငံတွင်းကို ခိုးဝင်ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။