ငွေလိမ်ဂိုဏ်းတွေ ဖမ်းမယ်ဆိုတဲ့သတင်းကြောင့် မူဆယ်က တရုတ်နိုင်ငံသားတွေ နေရာရွှေ့
2024.05.08

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို နေရာရွှေ့နေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ ထိန်းချုပ်တဲ့ လောင်းကစားဝိုင်းတွေနဲ့ ငွေလိမ်လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေကို မေလ ၇ ရက်နေ့ မနေ့ညပိုင်းကစပြီး နေရာရွှေ့နေတာလို့ မူဆယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖမ်းတာတော့ မဖမ်းသေးဘူး။ သတင်းပဲ ထွက်တာကို အခု လူတွေရွှေ့နေတာ။ အထူးသဖြင့် ပြည်သူ့စစ်နဲ့ ဆက်စပ်တဲ့နေရာတွေက လူတွေကို သူတို့နေရာ ရွှေ့နေတာ။ အရင်လည်း ဒီလိုပဲ သတင်းထွက်ရင် ရွှေ့နေကျပဲ။ ပြီးရင် ပြန်ရောက်လာတာပဲ”
ရွှေ့ပြောင်းတဲ့ တရုတ်နိုင်ငံသား အနည်းဆုံးဦးရေ သုံးရာခန့်အထိ ရှိနိုင်တယ်လို့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေအကြောင်းသိတဲ့ မူဆယ်ဒေသခံက ပြောပါတယ်။
အခုရက်ပိုင်း တရုတ် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ WeChat ကနေ မူဆယ်က ငွေလိမ်ဂိုဏ်းတွေ ရှိတဲ့နေရာတွေကို ဖော်ပြပြီး ဖမ်းဆီးဖို့ တိုက်တွန်းနေတယ်လို့ မူဆယ်ဒေသခံနောက်တစ်ဦးက RFA ကို ပြောပါတယ်။
“WeChat မှာ အဲဒီနေရာတွေကိုဖမ်းဖို့ ပြောနေတာရှိတယ်။ အရင်လည်း အဲဒီလိုပါလာရင် ဖမ်းလေ့ရှိတယ်။ ဒါကြောင့် ဖြစ်ဖို့များတယ်”
မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်မှာ လောင်းကစားရုံ အမည်ခံထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ငန်းတွေ အများဆုံးရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
ဘယ်နေရာတွေကို ရွှေ့ပြောင်းသွားလဲဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက် ညပိုင်းကလည်း မူဆယ်မြို့မှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၃၅၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီရက်ပိုင်းမှာပဲ မြန်မာနိုင်ငံဘက်ကနေ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ သံသယရှိသူ ၉၂ ဦးကို ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာနက မေလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာနိုင်ငံဘက်ကနေ အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ သံသယရှိသူ တရုတ်နိုင်ငံသား ငါးသောင်းနီးပါး (၄၉,၀၀၀) ကို လက်ခံရရှိခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။