အာဏာသိမ်းပြီးနောက် မြန်မာမှာ ကလေးအခွင့်အရေးချိုးဖောက်မှု မြင့်တက်လာကြောင်း ကုလ ထုတ်ပြန်

RFA Burmese
2025.04.13
အာဏာသိမ်းပြီးနောက် မြန်မာမှာ ကလေးအခွင့်အရေးချိုးဖောက်မှု မြင့်တက်လာကြောင်း ကုလ ထုတ်ပြန် အရွယ်မရောက်သေးတဲ့ ကလေးတွေ မြန်မာစစ်တပ်မှာ အမှုထမ်းနေရစဉ်။ Photo: AP
AP

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် စစ်တပ်က အတင်းအကြပ် လူသစ်စုဆောင်းခြင်းအားဖြင့် ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက် လာခဲ့ကြောင်း နဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၃ နှစ်ကုန်အထိ ကာလအတွင်း ကလေး ၄,၀၀၀ ကျော်အပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှု ၅,၁၄၀ ကျော် ရှိခဲ့ပြီး တချို့ဆို အသက် သုံးလ အထိ ငယ်တဲ့ကလေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ၂၀၁၈ စက်တင်ဘာလကနေ ၂၀၂၀ ဇွန်လအတွင်း ကာလထက် ၄၀၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် သိသိသာသာ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုအများစုဟာ မြန်မာစစ်တပ် နဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေ နဲ့ ဆက်စပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

“ကလေးငယ်တွေအပေါ် ပြင်းထန်တဲ့ချိုးဖောက်မှု မြင့်တက်လာတာနဲ့ လက်နက်ကိုင် အရေအတွက် များပြားလာတဲ့အတွက် အလွန် စိုးရိမ်မိပါတယ်” အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အစီရင်ခံစာမှာ ပြောကြားပါတယ်။

ကလေးတွေကို စစ်သားအဖြစ် အသုံးချခြင်းနဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးမှုတွေ၊ ထိခိုက်မှု မြင့်တက်လာတဲ့အတွက် အလွန်တုန်လှုပ်မိပါတယ်၊ တပ်ဖွဲ့တွင်းက ကလေးတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဂူတားရက်စ် က တောင်းဆိုလိုက်ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ ကလေးအရေအတွက် ၃,၀၀၀ ရာခိုင်နှုန်းနီးပါး သိသိသာသာတိုးလာပြီး အများစုဟာ စစ်သင်တန်းတက်ဖို့ အတင်းအကြပ် စေခိုင်းခံနေရတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီ အရွယ်မရောက်သေးတဲ့သူတွေကို တခြားကလေးငယ်တွေကို တပ်အတွက် စုဆောင်းဖို့၊ သတင်းအချက်အလက်စုဆောင်းဖို့ ဒါမှမဟုတ် ငွေတောင်းဖို့ နဲ့ စစ်တပ်အတွက် လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း ရှိနေကြောင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။