မြန်မာဘီယာရဲ့အမြတ်ငွေ နေရာမှားရောက်နေကြောင်း Justice For Myanmar အဖွဲ့ စွပ်စွဲ

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ရရှိလိုက်တဲ့ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်း (ကျပ် ၄၅ ဘီလီယံ) ဟာ မြန်မာပြည်သူတွေ ပိုင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိမှာတော့ ဗိုလ်ချုပ်ကြီးတွေလက်ထဲကို တလွဲအသုံးပြုဖို့ ရောက်ရှိသွားပြီလို့ Justice For Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။
တပ်မတော်ပိုင် စီးပွားရေး ဦးပိုင်လီမိတက်နဲ့ ဂျပန် ယမကာကုမ္ပဏီဖြစ်တဲ့ ကီရင်တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာဘီယာလုပ်ငန်း Myanmar Brewery Ltd က ၂၀၂၀ ဧပြီလကနေ ဇွန်လအထိ အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်းရှိကြောင်း ကီရင်ရဲ့ ဒုတိယမြောက် သုံးလပတ် အစီရင်ခံစာမှာ ပါဝင်တဲ့ အချက်ကို Justice For Myanmar က ပြန်လည်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
Myanmar Brewery ကုမ္ပဏီမှာ မြန်မာ့စီးပွားရေး ဦးပိုင်က ၄၉ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ထားပြီး ၅၁ ရာခိုင်နှုန်းကို ကီရင် ဂျပန်ဘီယာကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
Justice For Myanmar အဖွဲ့က ကီရင်ကုမ္ပဏီကို တပ်မတော်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ တိုက်တွန်းထားပြီး ကုမ္ပဏီ အနေနဲ့ မြန်မာစီးပွားရေးဦးပိုင်ကို အကျိုးအမြတ် ထောက်ပံ့နေတာဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေအပေါ် ဘဏ္ဍာငွေထောက်ပံ့နေခြင်းသာ ဖြစ်တယ်လို့ သြဂုတ်လ ၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ ညနေ ၄ နာရီအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ကန့်ကွက်နေတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလက မေးရာမှာတော့ မြန်မာ့စီးပွားရေးဦးပိုင်ပဲဖြစ်ဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပဲဖြစ်ဖြစ် စီးပွားရေးလုပ်ကိုင်နေတာ တရားဝင်ပဲဖြစ်တယ်၊ နိုင်ငံတော်အစိုးရကို အခွန်ဆောင်ပြီးတော့မှ လုပ်နေတဲ့ဟာဖြစ်တယ်၊ ရရှိတဲ့ဟာမှန်သမျှ အကျိုးအမြတ်မှန်သမျှသည် လူ့အခွင့်အရေး ချိုးဖောက်ဖို့တို့ဘာတို့ အသုံးပြုဖို့နေနေသာသာ ကျွန်တော်တို့ တပ်မိသားစုတွေရဲ့ သက်သာချောင်ချိရေးအတွက်ပဲ ဆောင်ရွက်တာပဲဖြစ်တယ်၊ လူ့အခွင့်အရေးကိစ္စတွေမှာ ဆောင်ရွက်တဲ့ဟာမျိုး မရှိဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တချို့ ရည်ရွယ်ချက်ရှိတဲ့ အဖွဲ့အစည်းတွေက စွပ်စွဲနေကျပဲဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
သေနင်္ဂမဟာဗျူဟာ လေ့လားရေးအဖွဲ့က ဦးသိန်းထွန်းဦးက Justice For Myanmar ရဲ့ စွပ်စွဲချက်တွေဟာ အနောက်နိုင်ငံတွေရဲ့ စံချိန်စံညွှန်းအရ လုပ်ဆောင်တာဖြစ်ပြီး ဒီအပေါ်မှာ လုပ်နေကျဖြစ်တဲ့အတွက် မထူးဆန်းတော့ဘူးလို့ ပြောပါတယ်။ မြန်မာဘီယာနဲ့ ကီရင် မပူးပေါင်းဖို့ ကီရင်ကို တိုက်တွန်းထားပေမယ့် တကယ်တမ်း ကီရင် ထွက်ခွာသွားမယ်ဆိုရင်တောင် မြန်မာစီးပွားရေး ဦးပိုင် မြန်မာဘီယာက နည်းပညာပိုင်းလောက်သာ အခက်အခဲဖြစ်နိုင်ပြီး ကျန်တဲ့အခက်အခဲကတော့ မရှိနိုင်ဘူးလို့ ပြောပါတယ်။
တပ်မတော်ကလုပ်ဆောင်နေတဲ့ ရိုဟင်ဂျာတွေ၊ ရှမ်း၊ ကချင်နဲ့ ရခိုင်ဒေသခံတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကီရင်ကုမ္ပဏီအနေနဲ့ ထောက်ပံ့ပေးရာရောက်တဲ့အတွက် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းစုနဲ့ လက်တွဲလုပ်ဆောင်တာဟာ ကြံရာပါအဖြစ် ပါဝင်နေပြီး တာဝန်ယူမှုရှိရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကီရင်ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က တပ်မတော်ကို အမေရိကန် ဒေါ်လာ ၁ သောင်း ၂ ထောင် နီးပါး လှူဒါန်းလိုက်တာဟာ လူသားမဆန်တဲ့ လုပ်ရပ်ကို အားပေးအားမြှောက်ပြုရာရောက်တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။