ရန်ကုန်က မြန်မာဘီယာစက်ရုံ ပစ်ခတ်တိုက်ခိုက်ခံရ

RFA Burmese
2023.10.13
ရန်ကုန်က မြန်မာဘီယာစက်ရုံ ပစ်ခတ်တိုက်ခိုက်ခံရ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးပေါ်မှ မြန်မာဘီယာထုတ်စက်ရုံအား တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးပေါ်မှာရှိတဲ့ မြန်မာဘီယာထုတ် စက်ရုံကို အောက်တိုဘာလ ၁၂ ရက်နေ့ညပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် URBAN SPECIAL OPERATION (U.S.O) အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်သလို မြန်မာဘီယာထုတ်ကုန်တွေကိုလည်း စျေးဆိုင်တွေကို ဖိအားပေးရောင်းချခိုင်းတာတွေ ရှိနေတာကြောင့် စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့ရတာလို့ USO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ကျွန်တော်တို့ USO က ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် အဓိကမြို့ကြီးတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကထားပြီး အထူးစစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ပြည်သူတွေရဲ့ ပူးပေါင်းမှုအင်းအားနဲ့ ဆက်ပြီးလုပ်ဆောင်သွားမှာပါ၊ အခုတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကိစ္စကို ကျွန်တော်တို့ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်"

စစ်ကောင်စီရဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွယ်တဲ့ လုပ်ငန်းတွေကို စစ်ရေးပစ်မှတ် အဖြစ်မှတ်ယူပြီး ဆက်လက်တိုက်ခိုက်တာတွေ ရှိနေမယ်လို့ သူက ဆိုပါတယ်။

မြန်မာဘီယာစက်ရုံအနီးတစ်၀ိုက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေကတော့ မနေ့က ညပိုင်းမှာ စက်ရုံထဲကို လူနာတင်ကားတွေ ဝင်သွားတာမြင်တွေ့ရကြောင်း ပြောဆိုကြပြီး ထိခိုက်ပျက်စီးမှု အတိကျသိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။

အခု ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မြန်မာဘီယာ ကုမ္ပဏီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဒီကိစ္စကို အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန်တွေကို မရောင်းရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ စျေးသည်တွေက ပြောထားပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်တပ်ထုတ်ကုန်တွေ ကို ဆိုင်တွေမှာ တင်မရောင်းဖို့နဲ့ ဆိုင်တွေမှာ တင်ရောင်းတာတွေ့ရင် အရေးယူ သိမ်းဆည်းပြီး စစ်တပ်ထုတ်ကုန်တွေကို ဖျက်ဆီးမယ်လို့ ကြေညာထားပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) ကလည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ ပြည်သူတွေကို တိုက်တွန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။