မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပြန်လည်စတင်
2024.12.15

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ရပ်နားထားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ဒီဇင်ဘာ ၁၅ ရက်နေ့ (တနင်္ဂနွေနေ့)မှာ ပြန်လည်စတင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြပါတယ်။
ရန်ကုန်မြို့ကနေ ထွက်ခွာလာပြီး တန်ချိန် ၁ဝ၈ တန်ပါတဲ့ ငါးတင်သင်္ဘောတစ်စီး ဘင်္ဂလားဒေ့ရှ် တက်ကနပ်ဖ် (Teknaf) ဆိပ်ကမ်းကို ရောက်လာတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မောင်တောမြို့ကို AA က သိမ်းယူလိုက်ပြီးနောက်မှာ ကုန်သွယ်ရေးရပ်တန့်နေတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က နောက်ဆုံး ကုန်တင်သင်္ဘော ရောက်ရှိခဲ့တာဖြစ်ပြီး ကိုးရက်ကြာ ကုန်သွယ်မှု ပြတ်တောက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဇွန်လကနေ နိုဝင်ဘာလအထိ မြန်မာနိုင်ငံက ကုန်စည်တန်ချိန် ကိုးထောင်နီးပါး (၈၈၀၀ တန်) ရောက်ရှိခဲ့ကြောင်း တက်ကနပ်ဖ် (Teknaf) ဆိပ်ကမ်းအာဏာပိုင်တွေက ပြောပါတယ်။
၂ဝ၂၃ - ၂ဝ၂၄ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကနေ ကုန်ပစ္စည်းတန်ချိန် ရှစ်သောင်းနီးပါး (၇၈၅၂၇ တန်) တင်သွင်းခဲ့ပြီး ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ ကုန်ပစ္စည်းတန်ချိန် နှစ်သိန်းနီးပါး (၁၉၉,၂၂၅ တန်) တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေလည်း မြန်မာနိုင်ငံကို ၂ဝ၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ ကုန်ပစ္စည်းတန်ချိန် တစ်ထောင့်ငါးရာနီးပါး (၁၄ဝ၈ တန်) နဲ့ ၂ဝ၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ ကုန်ပစ္စည်းတန်ချိန် သုံးထောင့်ငါးရာကျော် (၃၅၂၃ တန်) တင်သွင်းခဲ့ပါတယ်။
မြန်မာနိုင်ငံက ထွက်တဲ့ သစ်၊ ငါး၊ ကွမ်းသီးခြောက်၊ ကြက်သွန်နီ၊ ဂျင်း၊ ငါးခြောက်၊ အုန်းသီးအပါအဝင် ကုန်ပစ္စည်းမျိုးစုံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကထွက်တဲ့ အာလူး၊ ပလတ်စတစ်ထွက်ကုန်တွေ၊ ဘိလပ်မြေ၊ အဝတ်အထည်တွေ၊ ဘီစကွတ်နဲ့ အချိုရည်တွေအပါအဝင် ပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံကို ပြန်လည်တင်ပို့နေတာဖြစ်ပါတယ်။